ဇူလိုင် ၂၅ ညချမ်းသတင်းများ

ဓာတ်ပုံ မူပိုင် EPA
Image caption ပါကစ္စတန် အထွေထွေရွေးကောက်ပွဲအတွက်မဲပေး

ပါကစ္စတန် မဲရုံဗုံးပေါက်ကွဲ

ပါကစ္စတန် အထွေထွေရွေးကောက်ပွဲကို လူပေါင်း သန်းချီမဲပေးနေကြပါတယ်။ ပါကစ္စတန် အနောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ကွက်တာမြို့က မဲရုံတရုံမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ဗုံးဖောက်ခွဲသူဟာ မဲပေးသူတွေနဲ့အတူမဲရုံထဲဝင်ပြီး သူ့ကိုယ်သူဖောက်ခွဲလိုက်တာလို့ ရဲအရာရှိတယောက်က ပြောပါတယ်။ အိုင်အက်စ် အစ္စလာမ်နိုင်ငံအဖွဲ့ကတော့ ဒီဖောက်ခွဲမှုကို သူတို့လုပ်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂရိတောမီးကို မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်

ဂရိမီးလောင်ကျွမ်းမှုသေဆုံးသူ ၇၉ ဦးအထိရှိလာ

ဂရိနိုင်ငံ အေသင် မြို့တော်အနီး ကျယ်ပြန့်တဲ့ ဧရိယာအတွင်း တောမီးလောင်ကျွမ်းမှုကြောင့် လူအများအပြားပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအလုပ်သမားတွေက ရှာဖွေနေကြပါတယ်။ အခုအထိ သိရှိရတဲ့ စာရင်းအရ သေဆုံးသူ အနည်းဆုံး ၇၉ ယောက်ရှိပါပြီ။ နိုင်ငံတဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ဝန်ကြီးချုပ် အလက်ဇစ် ဆီးပရက်စ် ၃ ရက်သတ်မှတ်ကြေညာထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်ဝမ်ကို သီးခြားနိုင်ငံအဖြစ် မသတ်မှတ်ဖို့ တရုတ်တောင်းဆို

တိုင်ဝမ်ကိုသီးခြားနိုင်ငံအဖြစ် မသုံးနှုန်းဖို့ တရုတ်တောင်းဆို

American Airlines နဲ့ Cathay Pacific တို့ဟာ တရုတ်အစိုးရရဲ့ တောင်းဆိုချက်ကိုလိုက်နာတဲ့ နောက်ဆုံး လေကြောင်းလိုင်းကြီးနှစ်ခုဖြစ်လာပါတယ်။ တရုတ်အစိုးရက တိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်းမဟုတ်ဘဲ သီးခြားနိုင်ငံသဖွယ် ပြောဆိုနေတာတွေ ဒီနေ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး ဝက်ဆိုက်တွေကနေ ဖယ်ရှားပေးဖို့ ဆိုပြီး လေကြောင်းလိုင်း ဆယ်ဂဏန်းတချို့ဆီကို စာရေးသား အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ တိုင်ဝမ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တရုတ်ပြည်မှာ ပြည်တွင်းစစ် အဆုံးသတ်ပြီး တိုင်ဝမ်ကို ချန်ကေရှိတ် အစိုးရ ပြောင်းလာ ကတည်းက သီးခြားအုပ်ချုပ်ခဲ့ပေမယ့် တရုတ်ကတော့ တိုင်ဝမ်သီးခြားနိုင်ငံအဖြစ် ရပ်တည်တာကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် EPA
Image caption မကြာခဏမြေပြိုပြီး ရေမဆေးသမားတွေသေဆုံးလေ့ရှိတဲ့ ဖားကန့်

ဖားကန့်မြေပြို၊ သေဆုံးသူ ၂၇ ဦး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင် ကျေးရွာမှာ သက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ ကျောက်စိမ်းလုပ်ကွက်တခုရဲ့ ကျောက်ကမ်းပါးနံရံတခု ဇူလိုင်လ ၂၄ ရက်မနက်က ပြိုကျပြီး ရေမဆေးကျောက်သမား ၂၇ ယောက် ပျောက်ဆုံးနေပါတယ်။ ပေျာက်ဆုံးနေသူတွေကို မရှာဖွေနိုင်ကြသေးသလို သေဆုံးသူတွေရဲ့ အလောင်းကိုလည်း မတွေ့ကြရသေးပါဘူး။ မိုးရွာနေဆဲဖြစ်ပြီး တောင်နံရံမြေသားအိကျနေတဲ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်း မလုပ်နိုင် ကြသေးတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်မယ့်သူတွေရဲ့ အသက်အန္တရာယ်ကိုပါ စိတ်မချရတဲ့ အတွက် အခက်အခဲဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လာအိုရေကာတာကျိုးပျက်မှုကြောင့် သေဆုံးသူ ၉၀ အထိမြင့်တက်လာ

လာအိုဆည်ကျိုး၊ ရေကြီး၊ သေဆုံးသူ ၉၀ ရှိ

လာအိုနိုင်ငံမှာ ဆောက်လက်စ ဆည်တခုပျက်စီးပြီး ရေကာတာကျိုးကျခဲ့တဲ့ အတွက် အနီးအနားကကျေးရွာတွေ ရေလွှမ်းခဲ့ရာမှာ အခုတော့ တောင်ကိုရီးယားက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ ပို့ပြီး အကူအညီပေးနေပါတယ်။ ပြိုကျခဲ့တဲ့ဆည်ဟာ ရအေားလျှပ်စစ်စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်ပြီး လာအို၊ ထိုင်းနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေ ပူးတွဲ တည်ဆောက်နေကြတာဖြစ်ပါတယ်။ ရေနစ်နေတဲ့ ရွာသားတွေကို တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတခုက ရဟတ်ယာဉ်တွေ ၊ အသက်ကယ်လှေ တွေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေပါတယ်။ အခုချိန်အထိ အလောင်း ၉၀ တွေ့ရှိထားပါပြီ။ နောက်ထပ် အများအပြား သေဆုံးသူတွေရှိဦးမယ်လို့ စိုးရိမ်ပူပန်နေကြပါတယ်။ လူထောင်ပေါင်းများစွာ ဟာလည်း အိုးအိမ်ဆုံးရှုံးခဲ့ကြပါတယ်။ ဓာတ်ပုံတွေထဲမှာ အိမ်ခေါင်မိုးပေါ်တက်နေကြတဲ့ လူအများအပြားကိုလည်း တွေ့မြင်နေရပါတယ်။