ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ၃၂၅၀ တောင်းခံ

ခေါင်းစဉ်ခွဲတွေနဲ့ကာကွယ်ရေး အသုံးစရိတ်ကို တောင်းခံထားပေမယ့် အသေးစိတ်ကိုတော့ မသိရဘူး
ဓာတ်ပုံ ပုံစာ,

ခေါင်းစဉ်ခွဲတွေနဲ့ကာကွယ်ရေး အသုံးစရိတ်ကို တောင်းခံထားပေမယ့် အသေးစိတ်ကိုတော့ မသိရဘူး

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် စစ်ဆင်ရေး အပါအဝင် ကာကွယ်ရေး အသုံးစရိတ် ကျပ်ငွေ ၃၂၅၀ ဘီလီယံကျော် ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တောင်းခံလိုက်ပါတယ်။

စစ်ဆင်ရေး အသုံးစရိတ် ကျပ်ငွေ ၅ ဘီလီယံကျော် အပါအဝင် ကာကွယ်ရေး အသုံး စရိတ်အဖြစ် ကျပ်ငွေ ၃၂၀၀ ဘီလီယံကျော် ချပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်ထောင်စုလွှတ်တော်မှာ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် ကျပ်ငွေ ၅၇ ဘီလီယံကျော် တိုးမြှင့် တောင်းခံတာ ဖြစ်ပြီး စစ်ဆင်ရေး၊ စစ်လက်နက် ပစ္စည်း ဝယ်ယူရေး၊ အဆောက်အဦး တည်ဆောက်ရေး စတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တောင်းခံထားတယ်လို့ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော်က ဘီဘီစီကို ပြောပါတယ်။

ခေါင်းစဉ်ခွဲတွေနဲ့ကာကွယ်ရေး အသုံးစရိတ်ကို တောင်းခံထားပေမယ့် အသေးစိတ်ကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ် အသုံးစရိတ်ကို ကြည့်လိုက်ရင် အစိုးရ အသုံး စရိတ် တခုလုံးရဲ့ ၁၃နဲ့ ၁၄ ရာခိုင်နှုန်းဝန်းကျင်ကို သုံးစွဲနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အားလုံးရဲ့ အသုံးစရိတ် တောင်းခံငွေဟာ ကျပ်ငွေ ဘီလီယံ နှစ်သောင်း လေးထောင်ကျော် ရှိပါတယ်။

ဝန်ကြီးဌာနအလိုက် ကြည့်မယ်ဆိုရင် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတခုချင်းစီက အစိုးရ အသုံးစရိတ် တခုလုံးရဲ့ ၂၂ ရာခိုင်နှုန်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ၁၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနက အသုံးစရိတ်တခုလုံးရဲ့ ၈ ရာခိုင်နှုန်းကျော်နဲ့ ကျပ်ငွေ ဘီလီယံ ၈၀၀ ကျော် တိုးတောင်းထားပါတယ်။

သမ္မတသစ် ဦးဝင်းမြင့် တက်တက်ချင်း ဝန်ထမ်း လစာ တိုးမြှင့်ခဲ့ရာမှာ ပညာရေး ဝန်ကြီးဌာနက ဆောက်လက်စ အဆောက် အအုံ ၆၀၀၀ နီးပါးလောက်ကို ရပ်ပြီး ဝန်ထမ်းတွေကို လစာပေးခဲ့ရတာကြောင့် ဒီစရိတ်ကို ထည့်သွင်းတွက်ချက်ပြီး ပိုတောင်း ထားတာ ဖြစ်သလို ဒီအသုံးစရိတ်ကို ပေးဖို့အသင့်ရှိတယ်လို့ ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Union Parliament Fb

ဓာတ်ပုံ ပုံစာ,

ပညာရေးဝန်ကြီးဌာနက အသုံးစရိတ်တခုလုံးရဲ့ ၈ ရာခိုင်နှုန်းကျော်နဲ့ ကျပ်ငွေ ဘီလီယံ ၈၀၀ ကျော် တိုးတောင်း

ပညာရေးဝန်ထမ်းတွေကတော့ တိုးမြှင့်တဲ့ ပညာရေးဘတ်ဂျတ်မှာ အဆောက် အအုံ ဆောက်လုပ်ဖို့ချည်း မဟုတ်ဘဲ ဆရာ၊ ဆရာမတွေရဲ့ အရည်သွေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပိုမြှင့်တင်ပေးနိုင်ဖို့နဲ့ သင်ထောက်ကူပစ္စည်းတွေ ပိုပေးဖို့တွေမှာ တိုးမြှင့်သုံးသင့်တယ်လို့ ပြောပါတယ်။

အခုလို ဝန်ကြီးဌာနတချို့မှာ ဘတ်ဂျက်တွေ တိုးပေးဖို့ ပြင်နေပေမယ့် ကျန်းမာရေး မှာတော့ ဘတ်ဂျတ်တခုလုံးရဲ့ ၄ ရာခိုင်နှုန်း ကျော်ပဲ လျာထားပါတယ်။

အခုလို ဝန်ကြီးဌာနတွေက အဆိုပြုပြီး ပြည်သူ့ငွေစာရင်းကော်မတီကို တင်ပြထားတဲ့ ဘတ်ဂျက်လျာထားချက်တွေကို လွှတ်တော်မှာ စိစစ်ဆွေးနွေးတာတွေနဲ့ လိုအပ်ရင် ဝန်ကြီးဌာနတွေကို မေးမြန်းတာတွေ လုပ်မှာဖြစ်ပြီး ဒီနောက်မှ လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။