ခရီးသွားဧည့်တိုးလာဖို့ ကန့်သတ်ခရီးစဉ် ၅ ခု သွားခွင့်ပြု

ထိုင်း-မြန်မာ နယ်စပ်တံတားတခုဖြစ်တဲ့ တာချီလိတ်တံတား
ဓာတ်ပုံ ပုံစာ,

ထိုင်း-မြန်မာ နယ်စပ်တံတားတခုဖြစ်တဲ့ တာချီလိတ်တံတား

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ယခင်က ကမ္ဘာလှည့်ခရီးသွားတွေသွားလာခွင့်ကိုကန့်သတ်ထားခဲ့တဲ့ခရီးစဉ် ၅ ခုကို မကြာသေးခင်ကပဲ ပြည်ထောင်စုအစိုးရက သွားလာခွင့်ပြုလိုက်ပြီလို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကပြောပါတယ်။

ခွင့်ပြုလိုက်တဲ့ခရီးစဉ်တွေကတော့ တာချီလိတ်-ဝမ်ပုံ-ရွှေတြိဂံ-ပါရာဒိတ်ဟိုတယ် မိုင်းဘုန်းဆရာတော် ကျောင်းလမ်း၊ တာချီလိတ်-တာလီ-ပါရှိုး-ကျိုက်လတ် လမ်းကြောင်း၊ မဲခေါင်းမြစ်ကြောင်းတလျှောက် ရွှေတြိဂံက နေ ကျိုက်လတ်မြို့ထိ ရေကြောင်းဖြင့်သွားလာခြင်း၊ တာချီလိတ်- မိုင်းဖြတ်- စွန့်အင်းဂူ လမ်းကြောင်း နဲ့တာချီလိတ်-မိုင်းဖြတ်- မိုင်းယုလမ်းကြောင်း တို့ဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ခွင့်ပြုဖို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ကတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရက ၂၀၁၈ ခုနှစ်၊ ၇ လပိုင်း မှာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

မိုင်းဖုန်း ဆရာတော်ကြီးရဲ့ ဂုဏ်သတင်းကြောင့် ထိုင်းနိုင်ငံသားတွေအပါအဝင် ကမ္ဘာလှည့်ခရီးသွား တွေဟာ မိုင်းဖုန်း ဆရာတော်ဘုရားကြီးအားဖူးမျှော်လိုသူတွေနဲ့ဆရာတော်ကြီးတည်ထားတဲ့ စေတီ တော်ကို လာရောက်ဖူးမျှော်လိုသူတွေ များပြားလာနေတာပါ။

အဲဒီအတွက်လည်းရှမ်းပြည်နယ်အစိုးရအနေနဲ့ပွင့်လင်းရာသီအမှီကမ္ဘာလှည့်ခရီးသွားတွေလာရောက် လည်ပတ်နိုင်ဖို့ ဒီမိုးတွင်းကာလမှာ ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ခရီးသွားရာသီမှာ ရှမ်းပြည်နယ်ကို ပြည်တွင်းခရီးသွားလာရောက်မှုတိုးလာခဲ့ပေမဲ့ ဒီမိုးတွင်း ကာလမှာတော့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ပါက ဧည့်ဝင်ရောက်မှုနှုန်းကျသွားတယ်လို့လဲဝန်ကြီးဦးစိုးညွန်လွင်ကပြောပါတယ်။