ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှု ဖမ်းထားသူအားလုံးပြန်လွှတ်

သေဆုံးသွားခဲ့တဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး

ဓာတ်ပုံ ရင်းမြစ်, AUNG YELL HTWE FACEBOOK

ဓာတ်ပုံ ပုံစာ,

သေဆုံးသွားခဲ့တဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး

အုပ်စုဖွဲ့ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လာရောက်ဖမ်းဆီးခံ ခဲ့တဲ့သူ ၃ ဦးစလုံးကို အရှေ့ပိုင်း ခရိုင် တရားရုံးမှာ ဇူလိုင် ၂၅ရက်က အမှုပိတ်သိမ်းပြီး ပြန်လည်လွှတ် ပေးလိုက်ပြီလို့ ကျော်ဇော (ခ) ကျော်ဇောဟန်ရဲ့ရှေ့နေဖြစ်သူ ဦးချစ်ကိုကိုက ဘီဘီစီကိုပြောပါတယ်။

အမှုကို ရုံးစတင်စစ်ဆေးစဉ်ကတည်းက တရားလိုဘက်က အမှုကိုရုပ်သိမ်းပေးဖို့ သဘောတူခဲ့ပြီး ကျေအေးလွှာကို ခရိုင်ကနေ ဥပဒေချုပ်ရုံးအထိ အဆင့်ဆင့်တင်ပြီးနောက်မှာ ဥပဒေချုပ်ရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၉၄(က) အရ အမှုကို ပြန်ရုပ်သိမ်းခွင့်ပြုခဲ့တဲ့အတွက် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး အမှုစွဲဆိုရန် တရားရုံးကို တင်ပေးခဲ့ပြီး တရားရုံးရောက်ပြီး အမှုဖြစ်တာကြောင့် တရားခံတွေပြန်လွှတ်ပေးခြင်း မလွှတ်ပေးခြင်းဟာ ရဲစခန်းနဲ့ မသက်ဆိုင်တော့ဘူးလို့ သုဝဏ္ဏနယ်မြေရဲစခန်းက ဒုရဲအုပ် သန်းနိုင်က ဘီဘီစီကိုပြောပါတယ်။

ဒီအမှုမှာ ရဲစခန်းကို ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တဲ့ ကျော်ဇော (ခ) ကျော်ဇောဟန်၊ သန်းထဋ်အောင်(ခ) သားကြီးနဲ့ ပြည့်ဖြိုးအောင် (ခ)အောင်လေးတို့ ၃ ဦးစလုံးကို တရားရုံးကနေ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို လူသတ်မှုတခုအပေါ် တရားရုံးက ပြန်လည်ရုပ်သိမ်းခွင့်ပြုတဲ့အပေါ် တရားလွှတ်တော်ရှေ့နေဖြစ်တဲ့ ဦးကြီးမြင့်က

'' ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၄(က) ဆိုတာကတော့ စွဲချက်မတင်ခင် ရုပ်သိမ်းခြင်းပြုရင် တရားရုံးရဲ့သဘောတူခြင်းနဲ့ ရုပ်သိမ်းနိုင်တယ်ဆိုတဲ့သဘောပေါ့လေ။ ဒါပေမဲ့လည်း လူသတ်မှုလိုကြီးလေး တဲ့အမှုကို တရားလိုဘက်က ကျေအေးပေးလည်း ရုပ်သိမ်းဖို့ဆိုတာ တရားရေးဘက်က စဉ်းစားရမှာပေါ့။ အတွေ့အကြုံနဲ့ကျင့်ထုံးတွေအရ မရှိခဲ့ဘူး။ ဒီလို ပုံစံမျိုးကို စစ်အာဏာရှင်လက်ထက် က ပြည်က ကျောင်းသားလေး သေတဲ့အမှုမှာ တွေ့ခဲ့ရဖူးတယ်။ ဒါပေမဲ့ ဒီမိုကရေစီခေတ်မှာ အခုလိုဖြစ်တာကတော့ လူသတ်မှုတွေတိုးပွားလာအောင် အားပေးသလိုဖြစ်နေတယ်'' လို့ သူ့ရဲ့အမြင်ကိုပြောပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ သူ့ရဲ့ချစ်သူနဲ့အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ည က The One Entertainment ကဖျော်ဖြေရေးပွဲကို သွားရောက်စဉ် လူတစုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့တဲ့ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသစဉ် ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။