NLD နဲ့တိုင်းရင်းသားတွေကြား နားလည်မှုရှိဖို့လိုပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption တတိယ ပင်လုံညီလာခံမှာ ပါ၀င် တက်ရောက်ကြတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ လက်မှတ်ထိုးကြ

စည်းလုံး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA က ငြိမ်းချမ်းရေး လူထု နှီးနှောဖလှယ်ပွဲ တခု ရန်ကုန်မြို့မှာ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

အစိုးရ အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံး ပါဝင်ရေးမူကို အခြေခံပြီး နိုင်ငံရေးအရ ဆွေးနွေးတဲ့ နည်းလမ်းကို ဖေါ်ဆောင်နေပေမယ့် အားရ ကျေနပ်မှု မရှိတဲ့အတွက် လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်သင့်တယ်လို့ UNA ရဲ့ သဘောထား ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မူဘောင်အတိုင်း အစိုးရဘက်က စံနစ်တကျ အကောင်အထည် ဖော်တာ မရှိတဲ့အတွက် ဒါကို ထောက်ပြထားတယ်လို့ နှီးနှောဖလှယ်ပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ UNA အဖွဲ့ဝင် တစ်ဖွဲ့ ဖြစ်တဲ့ ကယန်း အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ခွန်ဘီတူး က ပြောပါတယ်။

ဒါ့အပြင် အားလုံး ပါ၀င်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ညီလာခံတွေကို ကျင်းပတာမျိုး မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့ တချို့ အနေနဲ့ ပါဝင်နိုင်ခြင်း မရှိတာကို တွေ့ရကြောင်း ၊ နိုင်ငံရေး ပါတီ တချို့ဆိုလည်း ပါ၀င်နိုင်ခြင်း မရှိကြောင်း ၊ ဒါကြောင့် အားလုံး ပါဝင်နိုင်တဲ့ အခြေအနေမျိုး မရောက်ဘဲ ရှိနေကြောင်း ၊ အစိုးရ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေသာ ပါဝင်ခွင့် ရကြောင်း ၊ ဒီအတွက် ပြန်လည်သုံးသပ်သင့်တယ်လို့ သူက ထောက်ပြထားပါတယ်။

အရေးအကြီးဆုံးက တိုင်းပြည်မှာ တဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်နေပေမယ့် တဖက်မှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတာ၊ အပစ်ခတ် ရပ်ရေး ပြောနေပေမယ့် တိုက်ပွဲ ရှိနေတာဟာ လုံး၀ မသင့်တော်တဲ့ အတွက် အားလုံး ပြန်လည် သုံးသပ်သင့်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်းရင်းသားတွေနဲ့ နားလည်မှု ရယူဖို့ အာဏာရ NLD ပါတီ ကို တိုက်တွန်းကြပြီ

လက်ရှိမှာ ငြိမ်းချမ်းရေး ဆိုတာကို အသုံးချမှုတွေ ရှိနေပြီး တပ်မတော် ကလည်း ဒါကို လိုရာ ဆွဲယူ နေသလို ၊ အစိုးရကလည်း ငြိမ်းချမ်းရေးကို အသုံးချကာ နိုင်ငံရေး အမြတ်ထုတ်နေတယ် ဆိုတဲ့ သုံးသပ်ချက် အသီးသီး ရှိနေတာကို တွေ့ရတယ်လို့ ကယန်း အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ခွန်ဘီတူး က ပြောပါတယ်။

တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်ဘူး ပြောထားသလို လက်နက်ကိုင် အဖွဲ့တွေကလည်း တန်းတူ အခွင့်အရေး မရမချင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်မချင်း အလျှော့ မပေးတဲ့ သဘောတွေ ရှိနေတော့ ဒီအတိုင်း ဆက်သွားနေပြီး အဖြေမတွေ့နိုင် ဖြစ်နေကြောင်း ၊ ဒီအတိုင်း ငြင်းခုန်ကာ ပြဿနာကို ပစ်ပယ်ထားမယ် ၊ တယောက်နဲ့ တယောက် ကန့်သတ်ထားနေကြမယ် ဆိုရင် ဖက်ဒရယ် ဆိုတာလည်း အလှမ်းဝေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာလည်း ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ပင်လုံနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းကို လက်ရှိ အစိုးရက အသိအမှတ် ပြုသင့်တာပြု လက်ခံသင့်တာ လက်ခံဖို့ လိုကြောင်းနဲ့ ဗဟို ချုပ်ကိုင်မှုထက် အန်အယ်လ်ဒီ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ နားလည်မှု ရှိပြီး အစိုးရဘက်က လေးလေးနက်နက် ပြန် စဉ်းစားကာ စနစ်တကျ အကောင်အထည် ဖော်သင့်တယ်လို့ အကြံပြုချင်ကြောင်း နှီးနှောဖလှယ်ပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ခွန်ဘီတူး က ပြောပါတယ်။

UNA အဖွဲ့ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသားပါတီ (MNP)၊ ကယန်း အမျိုးသားပါတီ (KNP)၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ရခိုင် မျိုးချစ်ပါတီ (APP)၊ ဓနုတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (DNDP)၊ ကရင်အမျိုးသားပါတီ (KNP)၊ ရှမ်းနီ (တလိုင်း) ပါတီ နှင့် မြိုအမျိုးသား ဒီမိုကရေစီပါတီ (MNDP) စတဲ့ ပါတီတွေ အပါအ၀င် တိုင်းရင်းသား ပါတီ အဖွဲ့အစည်းပေါင်း ၁၅ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။