ဘီးလင်းမှာ ရေထဲမျောပါသူ ၁၁ ဦးကို ပြန်လည်ဆယ်ယူရရှိ

ဓာတ်ပုံ မူပိုင် Myint Soe
Image caption ရန်ကုန် မော်လမြိုင်လမ်းပေါ်က ဘီးလင်းမြို့နယ်မှာ ရေကြီးနေတာကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းကတည်း ကားတွေလည်း လမ်းမပေါ်မှာ ပိတ်မိနေ

ချောင်းရေလျှံလို့ ရေကြီးနေတဲ့ ဘီးလင်းမှာ စက်လှေနဲ့ ဖြတ်ကူးရင်း ရေစီးနဲ့ မျောပါသွားတဲ့ သူ ၁၁ ဦးကို အားလုံးအသက်ရှင်လျက် ပြန်လည် ဆယ်ယူရရှိခဲ့တယ်လို့ ဘီးလင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ပြောပါတယ်။

အဲဒီ ရေစီးနဲ့ မျောပါသွားသူတွေဟာ ခရီးသွားတွေဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့က လမ်းပေါ် ရေကျော်နေတဲ့အတွက် စက်လှေနဲ့ ဖြတ်ကျော်ဖို့ ကြိုးစားစဉ် မျောပါခဲ့တာပါ။

ဘီးလင်းမြို့အစွန် သထုံဘက်အထွက် အရက်ချက်စက်ရုံနဲ့ သကြားစက်လမ်းဆုံအကြားမှာ ရေစီးနဲ့ မျောပါ ကုန်တာဖြစ်ပြီး မျောပါသူ ၁၁ ဦးမှာ အမျိုးသမီးတဦး ပါဝင်တယ်လို့ ဦးတင်ကိုကိုဦးက ပြောပါတယ်။

၇ ဦး ၂ ဦး ၂ ဦး စီ ကွဲသွားပြီး ၂ ဦးကတော့ ဇူလိုင်လ ၂၇ ရက် ညနေပိုင်းကတည်းက ပြန်လည်တွေ့ရှိဆယ်ယူနိုင်ခဲ့ကာ ကျန်တဲ့ ၉ ဦးကတော့ ဇူလိုင်လ ၂၈ ရက် မနက် ၂ နာရီလောက်မှ ခက်ခက်ခဲခဲ ဆယ်ယူနိုင်ခဲ့တယ်လို့ ဦးတင်ကိုကိုဦးက ပြောပါတယ်။

ရေကြီးနေတဲ့ ဘီးလင်းကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင်လ ၂၇ ရက်က လာရောက်ခဲ့ပြီး ရေကျော်နေတဲ့ ချောင်းတွေဟာ ရေစီးသန်တဲ့အတွက် ခရီးသွားတွေအနေနဲ့ စက်လှေနဲ့ မကျော်ဖြတ်ကြဖို့ သတိပေးခဲ့သေးတယ်လို့ ဦးတင်ကိုကိုဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Lwin Ko Ko Latt
Image caption ရေကြီးနေတဲ့ ဘီးလင်းနားမှာ ကားတွေ ပိတ်မိနေတာကို ဇူလိုင်လ ၂၇ ရက်က တွေ့ရစဉ်

ဇူလိုင် ၂၇ ရက်ကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ တပ်မတော်သား ၃ ဦး ရေစီးနဲ့ မျောပါ ခဲ့တယ်လို့ ဦးတင်ကိုကိုဦးက ပြောပါတယ်။

ရန်ကုန် မော်လမြိုင်လမ်းပေါ်က ဘီးလင်းမြို့နယ်မှာ ရေကြီးနေတာကြောင့် ဇူလိုင်လ ၂၆ ရက် ညနေပိုင်းကတည်း ကားတွေလည်း လမ်းမပေါ်မှာ ပိတ်မိနေပြီး ဇူလိုင်လ ၂၈ ရက် မနက်ပိုင်းအထိ ကားတွေ ပြန်သွားလာနိုင်တာတော့ မရှိသေးပါဘူး။