မဒေါက်တမြို့လုံး ရေမြုပ်မယ့် အခြေအနေရောက်

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar FB

ပဲခူးတိုင်း ဒေသကြီး မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၇ ပေအထိ ရောက်နေလို့ မြစ်ကမ်းတာကို ရေကျော်ပြီး မြို့တခုလုံး ရေကြီး နစ်မြုပ်နိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် အရေးပေါ် ရွှေ့ပြောင်း နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာပေါ်ရေကျော်သွားပါက မြို့အတွက် စိုးရိမ်ရသလို ရေလျှံထွက်နိုင်မယ့် နေရာ တွေကို သဲအိတ်စီပြီး တားဆီးနေရတယ်လို့ လည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအခြေအနေဟာ မဒေါက်မြို့အနေနဲ့ ပထမဆုံးကြုံတွေ့ရတာဖြစ်လို့ မြို့ခံတွေက အထူး စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဒေါက်မြို့ခံ ဒေါက်တာ ခင်ယမင်းစုက ရေက တာရဲ့ နှုတ်ခမ်းကို ရောက်နေပြီ ဖြစ်တာကြောင့် တာအခြေအနေက အချိန် မရွေး ကျိုးပေါက်သွားနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိ မိုးဆက်ရွာနေပြီး ရေဆက်တိုးနေတာကြောင့် တာက စိတ်မချရသလို သက်ကြီး ရွယ်အိုတွေကို ရွှေ့ပြောင်းဖို့နဲ့ အရေးကြီး စာရွက်စာတမ်းတွေကို သယ်ဆောင်ဖို့ သတိပေးနေပြီလို့ သူက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar

ဇူလိုင် ၂၈ ရက် နေလယ် ၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ စစ်တောင်း မြစ်ရေ ဟာ မဒေါက်မြို့မှာ နှစ်ပေါင်း ၅၃ နှစ်အတွင်း အမြင့်ဆုံးရေမှတ်ကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ၇ ပေကို ကျော်လွန်နေသလို နောက် ၂ ရက် အတွင်း ဆက်တက် လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန် ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၇ ရက် ညပိုင်းကစတင်ပြီး စစ်တောင်းမြစ်ရေဟာ ရေတက်မြန်လာလို့ မဒေါက်မြို့မှာ ရှိတဲ့ ကျေးရွာ အုပ်စု ၁၁ ခုက လူ သုံးသောင်း ငါးထောင်ဟာ ရေဘေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဇူလိုင် ၂၄ ရက်က စတင်ပြီး မြို့ရဲ့အနိမ့်ပိုင်းကျေးရွာတွေမှာ ရေဝင်နစ်မြုပ်လို့ မြို့ပေါ် ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ခိုလှုံနေတဲ့ အိမ်ထောင်စု ၁၅၀၀ ကျော်က ရေဘေးသင့်သူ ကိုးထောင်နီး ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar

အလားတူပဲ ပဲခူးတိုင်း ကျောက်ကြီးမှာကျောက်ကြီးချောင်းရေ မြင့်တက်မှုနေသလို စစ်တောင်းမြစ်ရေလည်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်လို့ ရေကြီးနစ်မြုပ်ပြီး ရေဘေးကြုံရသူ နှစ်ထောင်ကျော် ရှိနေပြီလို့ ကျောက်ကြီးမြို့ခံတွေက ပြောပါတယ်။

ရွှေကျင်မြို့နယ်မှာလည်း မိုးအဆက်မပျက် ရွာသွန်းနေလို့ စစ်တောင်းမြစ်ရေက မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသလို ရွှေကျင်မြစ်ရေဟာလည်း ဆက်မြင့် တက်နေလို့ မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းပေါင်း ၃၆ ကျောင်းကို ယာယီပိတ် ထားရတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြို့ပေါ် ကယ်ဆယ်ရေးစခန်း ၅ ခုမှာ ရေဘေးသင့် ဒေသခံ ကိုးထောင် ကျော် ခိုလှုံနေကြတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရွှေကျင်မြို့ရဲ့အပေါ်မှာလည်း ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ဆည်လည်း ရှိနေလို့ မြစ်ရေချောင်းရေ တက်လာတဲ့နည်းတူ ဆည်က ရေကျိုးပေါက်လာမှာကိုလည်း ရွှေကျင်မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar

ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဆည်ရဲ့ လက်ခံနိုင်တဲ့ ရေပမာဏ ၁၈၅ ပေမှာထိန်းပြီး ရေလွှဲတွေကနေ တဆင့် ရေတွေကို ဖောက်ထုတ်နေသလို စစ်တောင်းမြစ်ရေထောက်နေတာက ရွှေကျင်မြို့မှာလာပြီး သက်ရောက်မှုတွေ ရှိနေတာလို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်းမှာ စစ်တောင်းမြစ်ရေတက်လို့ မဒေါက်၊ ရွှေကျင်၊ ကျောက်ကြီး မြို့တွေမှာ ရေဘေးကြုံနေရသလို ပဲခူးမြို့ပေါ်မှာလည်း ပဲခူးမြစ်ရေတက်လာလို့ ရေဘေးကြုံနေရသူ သောင်းချီရှိ လာပြီလို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။