ကရင်ပြည်နယ် ရေကြီးမှု ဇူလိုင် ၂၉ ရက် အခြေအနေ

ဓာတ်ပုံ မူပိုင် Saw Chaint Phaung's Facebook
Image caption ဘားအံက ဈေးမြင်ကွင်း

ကရင်ပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်မှာ ရေကြီးနေပြီး ဘားအံ ၊ ရွှေဂွန်း ၊ မြိုင်ကြီးငူစတဲ့ သံလွင်မြစ်ကမ်းတလျှောက်က ဒေသတွေကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း အဆိုးဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာပဲ ဘားအံမှာ ရေထပ်တက်လာလို့ ဈေးထဲက ဆိုင်ပိုင်ရှင်တွေဟာ ဆန်တွေအပါအဝင် အခြားပစ္စည်းတွေကို သယ်ထုတ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ ဈေးသုံးဈေးရှိတာ အကုန်လုံး ပိတ်နေပြီ လမ်းတွေပေါ် ထွက်ရောင်းနေရတယ်လို့ ဘားအံမြို့ခံ သတင်းထောက်တဦးဖြစ်တဲ့ စောကျော်ဆန်းဦးက ဇူလိုင်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။

မြို့မဈေးနားက ဗလီနားအထိ ရေတက်လာလို့ ကျွန်တော့မိတ်ဆွေဆိုင်တွေကို မနက်ကပဲ ပစ္စည်းတွေသွားကူသိမ်းရတယ်။ သာမန်နှစ်တွေထက် ရေကြီးမှုက ပိုဆိုးတာက အမှန်ပါပဲလို့ ဘားအံမြို့ခံ ကိုရဲက ပြောပါတယ်။

ဘားအံမှာတော့ မြို့ပေါ် ရပ်ကွက် (၉) ရပ်ကွက်စလုံးကို ရေတွေဝင်ရောက်နေပြီး ဘားအံ သထုံလမ်းပေါ်မှာလည်း ရေတွေရှိနေပါတယ်။

ဘားအံ မော်လမြိုင်တိုက်ရိုက် အဖြောင့်လမ်းကတော့ ရေကျော်နေလို့ သွားလာလို့မရဘဲ အိန္ဒုဘက်က ပတ်သွားတဲ့လမ်းသာ သွားလာလို့ ရနေတယ်လို့ စောကျော်ဆန်းဦးက ပြောပါတယ်။

ကရင်ပြည်နယ်တဝှမ်း ရေကြီးမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကယ်ဆယ်ရေး စခန်း ၅၁ ခု ဖွင့်လှစ်ထားရပါတယ်။

  • ရွှေဂွန်း ၊ လှိုင်းဘွဲ့ ၊ မြိုင်ကြီးငူ နောက်ဆုံး အခြေအနေ

လှိုင်းဘွဲမြို့နယ်က ရွှေဂွန်းမြို့မှာတော့ တမြို့လုံးနီးပါး ရေမြှုပ်နေတုန်းလို့ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဇူလိုင်လ ၂၉ ရက်နေ့က ပြောပါတယ်။

မြိုင်ကြီးငူတို့ ရွှေဂွန်းတို့က သံလွင်မြစ်ကမ်းမှာ ရှိလို့ မြစ်ရေကြောင့်ပါ တက်နေတာဖြစ်ပြီး လှိုင်းဘွဲမြို့ပေါ်ကတော့ တောင်ကျရေကြောင့် ရေလွှမ်းနေတာလို့ ဦးခင်ချိုက ပြောပါတယ်။

လှိုင်းဘွဲ့မြို့ပေါ်မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ရေအနည်းငယ်ကျသွားပြီး ဒီနှစ်အတွင်း ရေလွှမ်းတာ ၂ ကြိမ် ရှိပြီလို့ ဦးခင်ချိုက ပြောပါတယ်။

မြိုင်ကြီးငူမှာတော့ ဘုရားတည်ရှိတဲ့ ကုန်းပေါ်ဒေသတွေက မမြှပ်ဘဲကျန်တဲ့ နေရာတွေတော်တော်များများ ရေမြှုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Saw Kyaw San Oo
Image caption လှိုင်းဘွဲ့မြို့လယ်မြင်ကွင်းကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်

လှိုင်းဘွဲ့ မြို့ပေါ်က စခန်း ၆ ခုဖွင့်ထားပြီး တမြို့နယ်လုံးမှာ ကယ်ဆယ်ရေးစခန်း ၁၆ ခုဖွင့်ထားပါတယ်။

တချို့ကျေးရွာတွေကတော့နှစ်စဉ်နှစ်တိုင်း ရေလွှမ်းနေကျ ကျေးရွာတွေဖြစ်တဲ့အတွက် ခြေတံရှည်အိမ်တွေပေါ်မှာပဲ နေနေကြပြီး ကယ်ဆယ်ရေးစခန်းတွေကို မလာသူတွေလည်း အများအပြား ရှိနေပါတယ်။

မြိုင်ကြီးငူ - ရွှေဂွန်း - ဘားအံလမ်းမှာတော့ ရေတွေကျော်နေလို့ မော်တော်ယာဉ်အသွားအလာလုပ်လို့ မရပါဘူး။ ဒါပေမယ့် လှိုင်းဘွဲ့ ဘားအံလမ်းကတော့ မော်တော်ယာဉ်အသွားအလာလုပ်လို့ ရနေတယ်လို့ ဦးခင်ချိုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Saw Kyaw Sann Oo
Image caption ရွှေဂွန်း

မြို့နယ်ရဲ့ ဧရိယာတော်တော်များများ ရေလွှမ်းနေလို့ ကယ်ဆယ်ကူညီရေးအဖွဲ့တွေအနေနဲ့ ရေကြောင်းခရီးကိုသာ အားပြုပြီး ကူညီကယ်ဆယ်မှုတွေ လုပ်နေရတယ်လို့လည်း လှိုင်းဘွဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ခင်က ပြောပါတယ်။

' ကျွန်တော်တို့က အခု ဒေါ်လန်းကျေးရွာဘက်ကို အကူအညီပေးရေး ပစ္စည်းတွေ သွားပေးနေတာ ရေကြောင်းပဲ အသုံးပြုနေရတော့ သိပ်တော့ အလုပ်မတွင်ဘူး ။ ' လို့ ဦးစောချစ်ခင်က ပြောပါတယ်။

  • ဖားပွန်ဒေသ

ဖားပွန်ဒေသမှာတော့ တောင်ကျရေကြောင့် ရေဖုံးလွှမ်းမှုတွေဖြစ်နေပြီး ရေဘေးသင့်စခန်း ၁၁ ခု ဖွင့်လှစ်ထားရတယ်လို့ သိရပါတယ်။

  • မြဝတီ ဘားအံလမ်း ရေကျော်အချို့ရှိပေမဲ့ ကားတွေ သွားလို့ရနေဆဲ

ကျုံဒိုး- ဘားအံအကြားမှာ ရေကျော်အချို့ရှိပေမယ့် ကားကြီးတွေတော့ သွားလာလို့ ရနေဆဲဖြစ်တယ်လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းဖြစ်နေတဲ့ လတ်တလော ရေကြီးမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀ဝ၅ မှာ ရေကြီးမှု ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းဖြစ်တဲ့ ရေကြီးမှုတွေထဲမှာ ဒီတကြိမ်က အဆိုးဆုံးလို့ ပြောလို့ရတယ် လို့ ဘားအံဒေသခံ ကိုရဲက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်း လတ်တလော ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည် တသိန်းလောက်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Saw Chaint Phaung
Image caption ဘားအံမြို့ပေါ်က ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတဲ့ လုပ်သားတွေ
ဓာတ်ပုံ မူပိုင် Saw Chaint Phaung
Image caption ဘားအံမြို့မဈေးအနီး ဇူလိုင်လ ၂၉ ရက်နေ့ မြင်ကွင်း

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ