ကူညီ ကယ်ဆယ်ရေး မရောက်တဲ့ နေရာတွေရှိနေ

ဓာတ်ပုံ မူပိုင် Kyaw Sann Oo
Image caption သံလွင်မြစ်ကြောင်းတလျှောက်မှာ အကူအညီမရောက်သေးတဲ့ ရွာပေါင်း ၅၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆို

မြန်မာနိုင်ငံအတွင်းက မွန်၊ ကရင်၊ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ မိုးတွေကြီးပြီး မြစ်ရေတွေလျှံနေလို့ လူဦးရေ ၅ သောင်းကျော် နေအိမ်တွေကနေ ရွှေ့ပြောင်းနေကြရပါတယ်။

မိုးကြီးရေလျှံလို့ ရေဘေးဒဏ်သင့် နေတဲ့ တိုင်းနဲ့ပြည်နယ် ၃ခုက မြို့နယ်အများစုမှာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် နေအိမ်တွေ ရေမြုပ်နေတာ တွေရှိနေသလို သွားလာရခက်ခဲတာကြောင့် ကူညီထောက်ပံ့ရေးတွေမရတဲ့ နေရာတွေလည်းရှိနေပါ တယ်။

ရေကြီးနေတဲ့ဒေသတွေမှာ လာမဲ့ရက်တွေအတွင်း မုတ်သုံမိုးအားကောင်းပြီး မိုးကြီးနိုင်တဲ့အခြေအနေက လည်းရှိနေတယ်လို့ မိုးလေးသနဲ့ ဇလဗေဒ ဉီးစီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းအတွင်း ရေကြီးမှုအခြေအနေအဆိုးရွားဆုံးဖြစ်နေတဲ့ မွန်၊ ကရင်နဲ့ ပဲခူး မှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာပဲရှိနေသလို ဒေသခံအများစုဟာလည်း ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေနေ ကြရပါတယ်။

ဒီထဲကမှ ပဲခူး တိုင်း မဒေါက်မြို့နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့တို့မှာ မနေ့က ဇူလိုင် ၂၇ရက်နေ့က မိုးကြီးပြီး တောင်ကျရေတွေရုတ်တရက်ကျလာတာကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

တရွာလုံးနီးပါး ရေမြုပ်နေပြီး ဒီကနေ့ အထိ အစိုးရပိုင်းရော ပုဂ္ဂလိကအလှူရှင်တွေရဲ့ ကူညီထောက်ပံ့ရေးလည်း မရတာကြောင့် စားသောက်ရေးအတွက် အခက်ကြုံနေရပြီလို့ ဘီးလင်းမြို့နယ် နတ်ကြီး ကျေးရွာ မှာနေထိုင်တဲ့ မနီလာက ဘီဘီစီကိုပြောပါတယ်။

Image caption သံလွင်မြစ်ကြောင်းတလျှောက်မှာ အကူအညီမရောက်သေးတဲ့ ရွာပေါင်း ၅၀ လောက်ရှိ

ကျွန်မတို့ တရွာလုံးက ရေမြှုပ်နေပြီး ဘာအကူညီမှလည်း မရဘူး ၊ အများစုက ရွာရဲ့ အမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေရတယ်လို့ အိမ်ခြေ ၃၀ဝ လောက်ရှိတဲ့ နတ်ကြီးရွာက မနီလာက ပြောပါတယ်။

သူတို့ရွာဟာ ဘီးလင်းနဲ့ ၂၂ မိုင်လောက်သာ ရှိပေမယ် ရေကြီးနေလို့ အဆက်အသွယ်လုပ်ဖို့ ခက်ခဲနေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

သံလွင်မြစ်တလျှောက်က သုံးအိမ် ၊ မင်းဇီ လို ဘားအံနယ်ထဲက ရွာတွေအပြင် ရွှေဂွန်းဘက်က ရွာတွေ တော်တော်များများ ကူညီ ကယ်ဆယ်ရေး မရောက်ကြဘူး ရေစီးကလည်းသန်နေလို့ ရိုးရိုး စက်လှေတွေနဲ့ သွားလို့ မရလို့ မနက်ဖြန် စက်လှေအကြီးတွေနဲ့ သွားကြဖို့ အာဏာပိုင်တွေက စီစဉ်နေတယ်လို့ ကရင်ပြည်နယ်အတွင်းက ရေဘေး သတင်းတွေကို ရုပ်သံ ၊ ဓာတ်ပုံမှတ်တမ်းလိုက်ယူနေတဲ့ ဘားအံမြို့ သတင်းထောက် စောကျော်ဆန်းဦးက ဘီဘီစီကို ပြောပါတယ်။

သံလွင်မြစ်ကြောင်းတလျှောက်မှာ အကူအညီမရောက်သေးတဲ့ ရွာပေါင်း ၅၀ လောက်ရှိနိုင်တယ်လို့ သူက ပြောဆိုပါတယ်။ သူကိုယ်တိုင်ကတော့ ရေတွေ စတက်တဲ့ ဇူလိုင် ၂၅ ကတည်းက ကမမောင်း ၊ မြိုင်ကြီးငူ ၊ ရွှေဂွန်းတို့မှာ သွားရောက်သတင်းယူခဲ့သူပါ။

မွန်၊ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းနည်းတူ ဒီလအတွင်းမှာပဲ တင်္နသာရီ၊ စစ်ကိုင်း၊ ဧရာဝတီတို့မှာ ရေကြီးရေလျှံတာတွေ ကြောင့် ကယ်ဆယ်ရေးစခန်း တွေဖွင့်ခဲ့ရပြီး စာသင်ကျောင်းတွေ လည်းပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

မွန်ပြည်နယ်အတွင်းက နတ်ကြီးကျေးရွာနည်းတူ ကရင်ပြည်နယ်က ရွှေဂွန်းနဲ့လှိုင်းဘွဲ့မြို့တွေမှာလည်း တမြို့လုံးနီးပါးရေမြုပ်နေသလို ပဲခူးတိုင်းအတွင်းက ပဲခူး၊ မဒေါက်နဲ့ ရွှေကျင်တို့မှာလည်း နေရာအများစုမှာ ရေမြုပ်နေပါတယ်။

အခုလို သောင်းနဲ့ချီတဲ့ဒေသခံတွေ ကယ်ဆယ်ရေးစခန်းတွေကိုရွှေ့ပြောင်းနေရတဲ့အခြေ အနေမှာပဲ အဲဒီဒေသ တွေမှာ လာမဲ့ရက်ပိုင်းအတွင်း မုတ်သုန်မိုးအားကောင်းနိုင်သလို မြစ်ရေဟာလည်း စိုးရိမ် ရေမှတ်အထက်မှာပဲ ဆက်ရှိနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ မိုးလေဝသဌာနက သတိပေးထုတ်ပြန် ထားပါတယ်။

ရေကြီးတာကြောင့် လက်ရှိ မွန်၊ကရင်နဲ့ ပဲခူးမှာ ရေဘေးသင့်ပြည်သူ ၅သောင်း ကျော် အထိရှိနေပြီ ဖြစ်ပါတယ်။

မနက်ဖြန် ဇူလိုင် ၃၀ရက်နေ့မှာ ဘားအံ၊ လှိုင်းဘွဲ့ ၊ရွှေဂွန်း ၊ဖာပွန်မြို့စတဲ့ မြို့အများစု ရေမြုပ်နေတဲ့ ကရင် ပြည်နယ်မှာ သံလွင်မြစ်ရေကထပ်တက်လာနိုင်တဲ့ အနေအထားရှိသလို ပဲခူးတိုင်းမှာလည်း နေရာကွက် မိုးကြီးနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ လိုတယ်လို့ မိုးလေဝနဲ့ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။