ပြင်းအား ၆ ကျော်တဲ့ အင်ဒိုငလျင် အနည်းဆုံး လူ ၁၃ဦး သေ

ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူအများစုက ပြိုကျတဲ့အဆောက်အအုံက အပျက်အစီးတွေနဲ့ တချို့ဆိုရင် ကွန်ကရစ် အပိုင်း အစတွေ ထိမှန် သေဆုံး တာ

အင်ဒိုနီးရှားနိုင်ငံ Lombokကျွန်းပေါ်မှာ ပြင်းအား ၆.၄ ရစ်တာ ရှိတဲ့ ငလျင် လှုပ်ခတ်သွားလို့ လူ ၁၃ ဦးသေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အင်ဒိုနီးရှား တာဝန်ရှိသူတွေကတော့ လူရာချီ ဒဏ်ရာ ရရှိခဲ့သလို သေဆုံးတဲ့သူစာရင်းက ပိုမြင့် တက်လာနိုင်တယ်လို့ ပြောပါတယ်။ အိုးအိမ်ထောင်ချီ ပျက်စီးခဲ့တယ် လို့လည်း ဆိုပါ တယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောခွင့်ရ Sutopo Purwo Nugrohoက Lombok အရှေ့ပိုင်းမှာ လူ ၁၀ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရသလို မြောက်ပိုင်းမှာ လူ ၃ ဦးနဲ့ ၆၃၇ ဦး ဒဏ်ရာရတယ်လို့ လူမှုကွန်ရက် တွစ်တာပေါ် တင်ခဲ့ပါတယ်။

သေဆုံးသူအများစုက ပြိုကျတဲ့အဆောက်အအုံက အပျက်အစီးတွေနဲ့ တချို့ဆိုရင် ကွန်ကရစ် အပိုင်း အစတွေ ထိမှန် သေဆုံး တာလို့ သူက ပြောပါတယ်။

တချို့ဒဏ်ရာရတဲ့သူတွေကို ဆေးခန်းတွေမှာ ကုသနေဆဲ ဖြစ်သလို အခုတော့ ကူညီကယ်ဆယ်ရေးနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် LALU ONANK/REUTERS
Image caption ငလျင်ကတော်တော်ပြင်းတာကြောင့် ကမ္ဘာ့လှည့် ခရီးသွားတွေ ထိတ်လန့် တုန်လှုပ်ခဲ့ပြီး တည်းခိုရာ ဟိုတယ်တွေကနေ ထွက်ပြေးကြတယ်

ဒါအပြင် ပြိုကျတဲ့အိမ်တွေနဲ့ လမ်းတွေအပေါ် အပျက်အစီးတွေ ပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေကိုလည်း Sutopo Purwo Nugrohoက တွစ်တာပေါ်တင်ခဲ့ပါတယ်။

Lombokကျွန်းရဲ့ မြောက်ပိုင်း Mataramမြို့ရဲ့ ၃၁ မိုင်အကွာမှာ ငလျင်က ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ အဖွဲ့က ပြောပါတယ်။

ဒီငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာ အသေးစား ငလျင် ၆၀ ကျော် လှုပ်ခတ်ခဲ့ပြီး ဒီအထဲမှာ ပြင်းအား ၅.၇ ရှိတဲ့ ငလျင်လည်း လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ Lombok ကျွန်းဟာ အရှေ့ဘာလီကျွန်းရဲ့ ၂၅ မိုင်အကွာမှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်တဲ့နေရာ ဖြစ်ပါတယ်။

ငလျင်ကတော်တော်ပြင်းတာကြောင့် ကမ္ဘာ့လှည့် ခရီးသွားတွေ ထိတ်လန့် တုန်လှုပ်ခဲ့ပြီး တည်းခိုရာ ဟိုတယ်တွေကနေ ထွက်ပြေးကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံသား ကာကွယ်ရေး ညွန်ကြားရေးမှူး Lalu Muhammad Iqbalက ပြောပါတယ်။

ငလျင်လှုပ်တဲ့အချိန် Lombokနဲ့ ၇ ကီလိုမီတာအကွာ Gili Trawangan ကျွန်းကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် Vinayak Gaikwadက ငလျင်က အတော်ကို ပြင်းတာကြောင့် ဟိုတယ်ရေကန်က လှိုင်းတွေကို သတိထားမိသလို ဟိုတယ်ပြင်ကို ပြေးထွက်ခဲ့တယ်လို့ ပြောပါတယ်။

မိနစ် ၃၀ ကြာပြီးတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့သလို ဒေသခံတွေက သစ်သား၊ ဝါးနဲ့ ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်တွေ ပြိုကျပျက်စီးမှာကို ပူပန်နေသလို ခရီးသွားတွေက ပိုထိတ်လန့်နေကြတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သစ်သား၊ ဝါးနဲ့ ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်တွေ ပြိုကျပျက်စီးမှာကို ပူပန်နေသလို ခရီးသွားတွေက ပိုထိတ်လန့်နေကြတယ်

ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အမျိုးသား ဥယျာဉ် Rinjani တောင် ကိုလည်း မြေပြို ကျတာကြောင့် ပိတ်ထားလိုက်ပါတယ်။ ဒီတောင်ဟာ တောင်တက်ခရီးအတွက် ခရီးသွားတွေ အကြား ရေပန်းစားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ငလျင်တွေ မကြာခဏလှုပ်ခတ်ပြီး မီးတောင်တွေ ပေါက်ကွဲလေ့ ရှိတဲ့ ပစိတ်ဖိတ် ဒေသတခုလုံးကို လွမ်းခြုံ သတ်မှတ်ထားတဲ့ စက်ဝန်းသဏ္ဍာန် Ring of Fire မျဉ်းပေါ်မှာ အင်ဒိုနီးရှားနိုင်ငံက တည်ရှိပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက်က လှုပ်ရှားနေတဲ့ မီးတောင် တဝက်ဟာ Ring of Fire စက်ဝန်းထဲမှာ ရှိနေပါတယ်။

၂၀၁၆ ခုနှစ်က ဆုမားတြားကျွန်း အရှေ့မြောက်ပိုင်းမှာ ပြင်းအား ၆.၅ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူဒါဇင်နဲ့ချီသေဆုံးခဲ့ပြီး လူ ၄ သောင်းကျော်အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ