သမ္မတဦးဝင်းမြင့် ဒေသအလိုက်အစိုးရတွေနဲ့ ပထမဆုံးတွေ့ဆုံနေ

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption တရားဥပဒေ စိုးမိုးရေး အပိုင်းကို အကောင်အထည်ဖော်ဖို့ သမ္မတ ဦးဝင်းမြင့်က အလေးထား ဆွေးနွေး

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ ဇူလိုင်လ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကဏ္ဍ သုံးရပ်က တာဝန်ရှိသူတွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒီလို ဒေသတခုချင်းရဲ့ အစိုးရ မဏ္ဍိုင် သုံးရပ်က တာဝန်ရှိသူတွေကို တွေ့ဆုံနေတာဟာ လက်ရှိ အစိုးရ လက်ထက်မှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် အဆောက်အအုံမှာ အခုလို တွေ့ဆုံရာမှာ တရားဥပဒေ စိုးမိုးရေး အပိုင်းကို အကောင်အထည်ဖော်ဖို့ သမ္မတ ဦးဝင်းမြင့်က အလေးထား ဆွေးနွေးခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

အခုလို တရားဥပဒေ စိုးမိုးရေးအပိုင်းကို သမ္မတက ဆွေးနွေးရာမှာ စစ်ဆေးဆဲ အမှုတွေ ကြန့်ကြာ မနေစေဖို့နဲ့ တချို့ အမှုကြီးတွေမှာ တရားလိုဘက်က ကျေအေးခဲ့ရင်တောင်မှ ဥပဒေစိုးမိုးမှုကို ထိခိုက်စေရင် အစိုးရက ဝင်ရောက် ဆောင်ရွက်ဖို့လည်း သမ္မတက ပြောဆိုခဲ့တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

သမ္မတ အနေနဲ့ နောက်ထပ်လည်း ပြည်နယ်နဲ့ တိုင်းဒေသတွေကို သွားရောက်ပြီး အလားတူ ဆွေးနွေးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption နောက်ထပ်လည်း သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသတွေကို သွားရောက်ပြီး အလားတူ ဆွေးနွေးနိုင်လို့ ဦးနေဘုန်းလတ်ပြော

အခုလို အစိုးရ မဏ္ဍိုင်သုံးရပ်က တာဝန်ရှိသူတွေ အနေနဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ပွင့်ပွင့်လင်းလင်း သိရှိကြမယ်ဆိုရင် လုပ်ငန်းဆောင်ရွက်မှု မြန်ဆန် ထိရောက်စေမှာ ဖြစ်တဲ့အတွက် အခုလို တွေ့ဆုံတာ ဖြစ်ကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့လည်း တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်းရဲ့ အလားတူ အစိုးရ မဏ္ဍိုင်သုံးရပ်က ဖြစ်တဲ့ တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော်နဲ့ တရားစီရင်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို သတ္တိရှိရှိနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ လက်ရှိ အခြေအနေတင်ပြချက်တွေဟာ အချက်အလက်တွေသာ ဖြစ်နေပြီး အားနည်းချက် အားသာချက်တွေ မပါဝင်ပဲ ဖြစ်နေတယ်လို့လည်း ပြောဆိုသွားကြောင်း ဝေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးကြည်က ပြောပါတယ်။

နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ သမ္မတအနေနဲ့ အခုလို တိုင်းနဲ့ ပြည်နယ် ဒေသ အသီးသီးက အစိုးရ မဏ္ဍိုင် သုံးရပ်ရဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံရာမှာ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ကွဲကွဲပြားပြား သိမြင်အောင် တည့်မတ်ပေးဖို့လည်း လိုအပ်ပြီး ဒါတွေနဲ့ မကိုက်ညီတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ တရားရေး ဝန်ထမ်းတွေကို အရေးယူတာတွေ လုပ်သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့အရေးကမ္ဘာ့အရေး သမ္မတ ဘယ်လိုလူမျိုးဖြစ်သင့်လဲ

ဆက်စပ် အကြောင်းအရာများ