နှစ်၅၀အတွင်း ပဲခူးမြစ်ရေ အမြင့်ဆုံးအမှတ်ရောက်

ဓာတ်ပုံ မူပိုင် EPA
Image caption ပဲခူးမှာ နှစ်၅၀အတွင်း အဆိုးဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်နေရ

မြန်မာနိုင်ငံတဝန်းမှာ ဇူလိုင်လအတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ ရေဘေးသင့်ခဲ့လို့ စစ်သား သုံးယောက် အပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၆ သောင်းနီးပါး ယာယီ ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်း မိုးတွေ ရွာသွန်းခဲ့လို့ စစ်တောင်းနဲ့ ပဲခူးမြစ်ရေဟာ နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံး ရေအမှတ်ကို ရောက်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ဧရာဝတီနဲ့ ချင်းတွင်းမြစ် တလျှောက်က နေရာအများစု အပါအဝင် မြစ် ၁၂ ခုရဲ့ နေရာ တချို့မှာ စိုးရိမ်ရေမှတ် ကျော်နေပြီး ဆည်နဲ့ တမံ ၃၆ ခုဟာလည်း စိုးရိမ်ရေမှတ် ကျော်တဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်ကို ကြည့်မယ်ဆိုရင် ရေဘေးသင့်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုထဲမှာ မွန်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးဟာ ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ အများဆုံးဖြစ်ပါတယ်။

ဒီအထဲမှာ ပဲခူးတိုင်းဒေသကြီးဟာ ရေဘေးကြောင့် လူဦးရေ ၂ သောင်းကျော် ရွှေ့ ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေး စခန်း ၄၉ ခုဖွင့်ထားသလို ရေဘေးသင့်တဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ လူဦးရေ အများဆုံး ထိခိုက်တဲ့ ဒေသတခု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကယ်ဆယ်ရေး အကူအညီအတွက် တန်းစီကြပြီ

ရေဘေးသင့်တဲ့ ပဲခူးကို ရောက်နေတဲ့ ဘီဘီစီသတင်းထောက်ကတော့ သူရောက်နေတဲ့ နေရာ တချို့မှာ ရေတွေက ခါးလောက်၊ တချို့နေရာက လူတရပ်လောက် ရေနစ် မြုပ် တာကြောင့် ဒေသခံတွေက လှေကို အသုံးပြု သွားနေရသလို တချို့နေရာမှာ ရေကူးပြီး သွားနေတာကို မြင်ရတယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲက စစ်တောင်းမြစ်ရေကို ကာထားတဲ့ တာကျိုးမယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ မဒေါက်မြို့မှာတော့ မနေ့ညမှာ ရေက ၁၀ စင်တီမီတာလောက် ပြန်ကျသွားတယ်လို့ မဒေါက်မြို့ ရေဘေး ကယ်ဆယ်ရေးမှာ တာဝန်ခံ အနေနဲ့ ဆောင်ရွက်နေတဲ့ ဒေါက်တာ ခင်ယမင်းစုက ဘီဘီစီကို ပြောပါတယ်။

မဒေါက်မြို့ပေါ်က အဓိက ရပ်ကွက် ၂ ခုနဲ့ ကျေးရွာ အုပ်စု ၁၁ အုပ်စုက ရွာ ၂၂ ရွာလောက် ရေနစ်မြုပ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ရေဘေးသင့်တဲ့ မြို့နယ်အများစုမှာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် နေအိမ်တွေ ရေမြုပ်နေ တာ တွေရှိနေသလို သွားလာရခက်ခဲတာကြောင့် ကူညီထောက်ပံ့ရေးတွေ မရတဲ့ နေရာ တွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရေကြီးနေတဲ့ကြားက ဆွမ်းခံထွက်ရ

မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနရဲ့ မနေ့က တိုင်းထွာချက်တွေအရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၇ ပေခန့် ကျော်လွန်နေ ပေမယ့် နောက်ရက်တွေမှာ ပေဝက်လောက်ကျဖို့ ရှိသလို၊ ရွှေကျင်မြို့မှာလည်း ရွှေကျင်မြစ်ရေဟာ စိုးရိမ် ရေမှတ်ထက် ၄ ပေကျော်နေပြီး နောက်ရက်မှာ ပေဝက် လောက် ကျဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပဲခူးမြစ်ရေဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်ပြီး နောက်ရက်မှာ ပေ တဝက် ကျဆင်းနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဘားအံမြို့မှာတော့ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၆ ပေ ကျော် လွန်ပေမယ့် နောက် ၁ ရက်မှာ ပေဝက်လောက် တက်လာနိုင်သလို ဘီးလင်းမြို့မှာ လည်း ဘီးလင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ် ရေမှတ်ထက်ကို ကျော်နေသလို နောက် ၃ ရက်မှာလည်း စိုးရိမ်ရေမှတ် အထက်မှာ ရှိနေမယ်လို ခန့်မှန်းထားပါတယ်။