အောင်ရဲထွေးအမှု နိုင်ငံတကာရဲနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်

ဓာတ်ပုံ မူပိုင် Aung Yell Htwee's Facebook
Image caption ၂၀၁၇ နှစ်သစ်ကူးညမှာ အုပ်စုဖွဲ့ရိုက်နှက်ခံရလို့ သေဆုံးခဲ့တဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး

သရုပ်ဆောင်အောင်ရဲထွေးအမှုအား ရုပ်သိမ်းခဲ့မှုနဲ့ ပတ်သက်လို့ အမှုကို ဆက်စစ်ဆေးဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ညွန်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီအမှုဟာ စွဲချက်မတင်မှီ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး အရှေ့ပိုင်း ခရိုင်တရားရုံးက အမိန့်ကို ပယ်ဖျက်ပေးဖို့ လည်း ဇူလိုင်လ ၃၀ ရက်နေ့မှာ ညွှန်ကြားထားတာပါ။

တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက်ရရင် အမှုကို ဆက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမှုကနေ လွှတ်ပေးလိုက်တဲ့သူတွေဟာ ပြည်ပထွက်သွားပြီမရှိတော့ဘူးလားဆိုတဲ့ လူတွေကမေးခွန်းတွေ ထုတ်နေတဲ့ အပေါ်မှာတော့ အစိုးရအနေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တဲ့ သာဓကအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

၂၀၁၇ နှစ်သစ်ကူးညမှာ အုပ်စုဖွဲ့ရိုက်နှက်ခံရလို့ သေဆုံးခဲ့တဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုမှာ လာရောက်ဖမ်းဆီးခံခဲ့တဲ့ သူ ၃ ဦးစလုံးကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဇူလိုင် ၂၅ရက်နေ့က ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

အမှုကို ရုံးစတင်စစ်ဆေးကတည်းက တရားလိုဘက်က အမှုကြေအေးလွှာတင်ခဲ့ပြီး ဒါကို ဥပဒေချုပ်ရုံးအထိ အဆင့်ဆင့်တင်ပြီးနောက်မှာ ဥပဒေချုပ်ရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၉၄(က) အရ အမှုကို ပြန်ရုပ်သိမ်း ခွင့်ပြုခဲ့တဲ့အတွက် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုမှာရဲစခန်းကို ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တဲ့ ကျော်ဇော (ခ) ကျော်ဇော်ဟန်၊ သန်းထွဋ်အောင် (ခ) သားကြီးနဲ့ ပြည့်ဖြိုးအောင် (ခ)အောင်လေးတို့ ၃ ဦးစလုံးကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလူ ၃ ဦးဟာ ပြည်ပ ထွက်သွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။