စစ်တပ်က အင်အားတိုးချလာလို့ နာဂတပ်ဖွဲ့က စခန်း တခု ဆုတ်ပေးခဲ့

ဓာတ်ပုံ မူပိုင် NAGA Army
Image caption နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( k ) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

အစိုးရနဲ့ တဖွဲ့ချင်းစီ အပစ်ရပ်ထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) ရဲ့ တပ်စခန်းတွေနားကို မြန်မာအစိုးရ စစ်တပ်ဘက်က အင်အားတိုးချလာတဲ့အတွက် နာဂ လက်နက်ကိုင် အဖွဲ့ဘက်က ဂိတ်စခန်း တခုကို ဆုတ်ပေးခဲ့တယ်လို့ နာဂ အဖွဲ့အစည်းတွေဘက်က အတည်ပြုပြောဆိုပါတယ်။

အစိုးရ စစ်တပ်နဲ့ တိုက်ခိုက်မှု မဖြစ်တာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) ရဲ့ နန်းယွန်းမြို့နယ် တန်ဂါကျေးရွာနားက စခန်းနား ဇူလိုင်လ ၂၆ ရက်နေ့က အစိုးရ စစ်တပ်ဘက်က လာဝိုင်းခဲ့တာဖြစ်ပါတယ်။

အခု ဖြစ်နေတဲ့ မြန်မာစစ်တပ်နဲ့ NSCN (K) အကြားက ဆက်ဆံရေး အေးခဲမှုဟာ ခဏတာ ကိစ္စပဲဖြစ်ပြီး ဆိုးဆိုးရွားရွား မဖြစ်စေဖို့အတွက် နည်းဗျူဟာပိုင်းအရ နာဂ အနေနဲ့ ဆုတ်ခွာပေးခဲ့တယ်လို့ NSC N (K) တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။

ဒါပေမယ့် တင်းမာမှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ နာဂတပ်ဖွဲ့ပြောခွင့်ရ အိုင်ဆတ်ဆွန်မဲလ်က ပြောပါတယ်။

နာဂ အဖွဲ့ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် အန်စီအေမှာ လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ အိန္ဒိယ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ ဇူလိုင်လ ဒုတိယအပတ်က ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ အစည်းအဝေးကို လေ့လာသူအဖြစ်လည်း NSCN ( K ) က တက်ရောက်ခဲ့တာပါ။

အဲဒီတုန်းက အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ပါ သီးသန့် တွေ့ဆုံခဲ့ပါသေးတယ်။

စစ်တပ်ဘက်ကတော့ အန်စီအေ မှာ မပါသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ထိုးဖို့ တိုက်တွန်းနေချိန်မှာ NSCN (K) က တော့ ထိုးဖို့ မဖြစ်နိုင်တဲ့အကြောင်း နာဂ တပ်ဖွဲ့ဘက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

နာဂ တိုင်းရင်းသားတွေဟာ မြန်မာ ရော အိန္ဒိယ နှစ်နိုင်ငံစလုံးမှာပါ ရှိနေတဲ့အတွက် သူတို့သဘောနဲ့ပဲ သီးသန့် လက်မှတ်ထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုထားခဲ့တာပါ။

  • နာဂတပ်ဖွဲ့တွေရဲ့ အိန္ဒိယနဲ့ အခြေအနေ

လက်ရှိမှာတော့ နာဂ လက်နက်ကိုင်တွေအဖြစ် NSCN (K) နဲ့ NSCN ( IM ) ဆိုတာ ရှိနေပြီး NSCN ( IM ) အဖွဲ့ကတော့ အိန္ဒိယ အစိုးရနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးနေပါတယ်။

' သူတို့နှစ်ဖွဲ့မှာ အိန္ဒိယနဲ့ အပစ်ရပ်ထားတဲ့ IM က ကွန်ဖက်ဒရေးရှင်း ဖက်ဒရယ်ပြည်နယ်ကို ရယူလိုတဲ့ ရည်ရွယ်ချက်ရှိပြီး နာဂ NSCN ( K) ရဲ့ မူဝါဒကတော့ နှစ်နိုင်ငံစလုံးက နာဂတွေကို ပေါင်းစည်းပြီး လွတ်လပ်ရေး ရယူရေး မူဝါဒ ဖြစ်နေတယ် 'လို့ နာဂ အမျိုးသား ကောင်စီက ကေးယုံ က ထောက်ပြပါတယ်။

နာဂတွေဟာ အိန္ဒိယ နိုင်ငံမှာ ဖက်ဒရယ်အဆင့် နာဂလန်းပြည်နယ်ကို ရရှိထားပြီး မြန်မာမှာတော့ ဒေသအစိုးရ လုပ်ပိုင်ခွင့် နည်းပါးလှတဲ့ ၂၀ဝ၈ အခြေခံဥပဒေမှာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး သတ်မှတ်ခံထားရတာပါ။

NSCN (K) နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာမှုတွေကိုတော့ လတ်တလော အိန္ဒိယ သတင်းတွေ တော်တော်များများမှာ ဖော်ပြနေပါတယ်။

အိန္ဒိယအနေနဲ့ သူ့ကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို မြန်မာမှာ လက်မခံဖို့ဆိုပြီး ယခင်ကတည်းက တောင်းဆိုခဲ့ဖူးတာ ရှိပါတယ်။

Image caption ရန်ကုန်ရောက် နာဂ ကပ်လန် အဖွဲ့ကို ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူနဲ့အတူတွေ့ရစဉ်

နာဂ နှစ်ဖွဲ့မှာ တဖွဲ့က အပစ်ရပ်ထားတယ်ဆိုပေမယ့် အပစ်ရပ်ထားတဲ့ အဖွဲ့နဲ့ အိန္ဒိယအကြား ဆွေးနွေးမှုက တိုးတက်မလာတော့ နှစ်ဖွဲ့စလုံးနဲ့ ပြန်ဖြစ်လာမှာကိုလည်း အိန္ဒိယက စိုးရိမ်တယ်၊ တချိန်တည်းမှာလည်း ကပ်ပလန် NSCN (K) အဖွဲ့ဟာ မြန်မာနဲ့ပါ အဆင်မပြေရင် အိန္ဒိယ နဲ့ တိုက် မြန်မာနဲ့ တိုက်ဆိုရင် အင်အားချိနဲ့သွားနိုင်တယ်ဆိုတဲ့ အမြင်မျိုး ရှိနေတာတွေ့ရတယ်။ ဒါကြောင့်လည်း အရင်ကတည်းက မြန်မာဘက်မှာ လက်မခံဖို့ မကြာခဏ အိန္ဒိယဘက်က တောင်းဆိုခဲ့ဖူးတယ် ။ လို့ နာဂ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ အထောင်း က ဘီဘီစီကို ပြောပါတယ်။

  • နာဂ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်ဆံရေး

လက်ရှိအချိန်မှာတော့ နာဂ ဆိုရှယ်လစ်ကောင်စီ (K ) အဖွဲ့ရဲ့ ဥက္ကဌကို ဌာနချုပ်ကနေ လွဲပြီး ပြည်တွင်းမလာဖို့ ဆိုပြီး စစ်တပ်ဘက်က ညွှန်ကြားထားတယ်လို့ နာဂ တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ကတော့ နာမကျန်းဖြစ်နေခဲ့တဲ့ နာဂ NSCN (K) ဥက္ကဌဟောင်း ကပ်ပလန်ဟာ ရန်ကုန်မှာ လာရောက်ဆေးကုခဲ့ပါတယ်။

တချက်က အန်စီအေ မထိုးဘဲ နှစ်နိုင်ငံ နာဂတွေ ပေါင်းစည်းရေးမူကို NSCN ( K) က ဆက်ကိုင်ထားတဲ့မူကို မြန်မာစစ်တပ်ဘက်က ကြိုက်ဟန် မတူသလို တချိန်တည်းမှာလည်း နာဂနယ်နဲ့ ဆက်စပ်တဲ့ ကချင်အနောက်ပိုင်း ဒေသတွေမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကေအိုင်အေ လှုပ်ရှားနေတဲ့အတွက် လက်နက်ကိုင်အဖွဲ့အချင်းချင်း ဆက်စပ်နိုင်မှုအပေါ် သံသယ ရှိနေပုံရတယ် လို့လည်း နာဂ ကပ်ပလန်အဖွဲ့ NSCN ( K) နဲ့ နီးစပ်သူတဦးက ဘီဘီစီကို မှတ်ချက်ပြုပြောပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယ အရှေ့မြောက် ဒေသ မြန်မာ နယ်စပ်တလျှောက်မှာ အခြေချတဲ့ အိန္ဒိယ အစိုးရကို တိုက်ခိုက်နေတဲ့ သူပုန်တွေဟာ တပ်ပေါင်းစုလိုမျိုးဖွဲ့ထားနိုင်တဲ့အတွက် စစ်တပ်နဲ့ နာဂ တပ်ဖွဲ့အကြား အခုလို ဆက်ဆံရေးအေးခဲ တင်းမာမှုဟာ စောင့်ကြည့်ရမဲ့ ကိစ္စဖြစ်နေတယ်လို့ နာဂရေးရာ လေ့လာသူတွေက ပြောကြပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း လက်ထက်လောက်အထိတော့ နာဂ အဖွဲ့တွေဟာ ကေအိုင်အေနဲ့ပူးတွဲပြီး မြန်မာတပ်တွေနဲ့ တိုက်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် NAGA Army Facebook
Image caption နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN ( K ) တပ်ဖွဲ့ဝင်များ

ဆက်စပ် အကြောင်းအရာများ