စားသုံးသူ ဥပဒေကြမ်းမှာ ဝန်ဆောင်မှုကဏ္ဍ အရေးယူတာ မပါသေး

ဓာတ်ပုံ မူပိုင် Pyithu Hluttaw - ဥပေဒၾကမ္းေကာ္မတီ
Image caption နိုင်ငံသားများ အခွင့်အရေး ကော်မတီ၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာကော်မရှင်တို့ ဒီဥပဒေကြမ်းကိစ္စဆွေးနွေးခဲ့

စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းကို မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

မင်္ဂလာဒုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ ဒီဥပဒေကြမ်းထဲမှာ ဝန်ဆောင်မှုကဏ္ဍ ဥပဒေနဲ့ မကိုက်ညီရင် အရေးယူနိုင်တဲ့အပိုင်း ပါဝင်တာ မတွေ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဓိကအားဖြင့် နိုင်ငံခြားက တဆင့်ခံ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုတွေမှာ ချို့ယွင်းမှု၊ မပြည့်မှီမှု ဖြစ်ခဲ့ရင် လက်ရှိဥပဒေကြမ်းက စားသုံးသူတွေကို အကာအကွယ် မပေးနိုင်တဲ့အတွက် ဝန်ဆောင်မှု အပိုင်း ဥပဒေ မလိုက်နာသူတွေကို အရေးယူနိုင်တဲ့ အချက်အလက်တွေ ထည့်သွင်းဖို့ ဆွေးနွေးမယ်လို့လည်း ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

အခုလို တင်သွင်းထားတဲ့ ဥပဒေကြမ်းမှာ ကုန်ပစ္စည်း တခုခုနဲ့ ပတ်သက်လို့ ကြော်ငြာနဲ့ ပစ္စည်းအညွှန်းပါအတိုင်း အရည်အသွေး မပြည့်မီဘူးဆိုရင်တော့ ပြည်နယ်နဲ့ တိုင်း ဒေသအလိုက် စားသုံးသူ ကာကွယ်ရေး ကော်မတီတွေကို တိုင်ကြားနိုင်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ကျပ် သိန်း ၅၀ အထိ အမြင့်ဆုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Myint Thein Naing
Image caption ဒီဥပဒေဟာ စားသုံးသူ အနှောက်အယှက် မဖြစ်စေဖို့နဲ့ ဘေးအန္တရာယ် မကျရောက်စေဖို့လည်း ရည်ရွယ်

ဒါ့အပြင် စားသောက်ကုန်တွေမှာ ပါဝင်တဲ့ ပစ္စည်းနဲ့ အကျိုးအာနိသင်တွေကို မြန်မာလို ရိုက်နှိပ် ဖော်ပြရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဒီဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ စားသုံးသူတွေ အခွင့်အရေး အပြည့်အဝ ရရှိရေး၊ အသိပညာပေးရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး အပါအဝင် စိတ်ကျေနပ်မှုရအောင် အာမခံချက် ပေးနိုင်တဲ့ ကုန်စည် ဒါမှမဟုတ် ဝန်ဆောင်မှုတွေ ဖော်ဆောင်ပေးရေး ဖြစ်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ဒီဥပဒေဟာ စားသုံးသူ အနှောက်အယှက် မဖြစ်စေဖို့နဲ့ ဘေးအန္တရာယ် မကျရောက်စေဖို့လည်း ရည်ရွယ်တယ်လို့ ဒီဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ထန်းတပင်မြို့နုယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးသူ ကာကွယ်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့ပေမယ့် စားသုံးသူတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် ဒါကို ဖျက်သိမ်းပြီး အသစ်ပြဌာန်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြင်ဆင်ချက် အဆို တင်သွင်းချင်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ သြဂုတ်လ ၁ ရက် လာမယ့် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး တင်သွင်းရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ