ရေဘေးပြန်လည်ထူထောင်ရေးနဲ့ မွန်ပြည်နယ်က အခြေအနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ရေဘေးကယ်ဆယ်ရေး စခန်းမှာ ဒုက္ခသည်တွေ ပြည့်ကျပ်နေ

ဇူလိုင်လ ၃၀ ရက်နေ့ ကစပြီး ဘီးလင်းမြစ်ရေ ပြန်ကျလာပြီမို့ သထုံနဲ့ ဘီးလင်းကြား သွားလာမှုတွေ ပြန်လည် စတင်လာကြပြီ ဖြစ်သလို ကုန်စည် စီးဆင်းမှုတွေလည်း အသက်၀င်လာခဲ့ပါပြီ။

လက်ရှိမှာ ပြည်နယ် အစိုးရ အာဏာပိုင်တွေ အနေနဲ့ ၀မ်းပျက် ၀မ်းလျှော ရောဂါ မဖြစ်ရအောင် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိပေမယ့် သန့်ရှင်းရေး အတွက် အိမ်သာတွေ လိုအပ်ချက် ရှိတယ်လို့ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံ၀င့်ခိုင်က ပြောပါတယ်။

ရေဘေးသင့် ပြည်သူတွေကို စောင့်ရှောက်ထားတဲ့ စခန်းတွေမှာ ဆရာဝန်တွေက ဆေးခန်းဖွင့်ထားပေးပြီး လိုအပ်တဲ့ ဆေးဝါး အပြည့်အစုံ ထားရှိတယ်လို့ သူက ဆိုပါတယ်။

ဆေးရုံကြီးက ဆရာဝန်တွေကလည်း နေ့တိုင်း စခန်းတွင်း လှည့်လည်ကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေသလို ဆေးဝါး အပြည့်အစုံ ရှိတဲ့အပြင် လှူဒါန်းသူတွေလည်း များတယ်လို့ သူက ပြောပါတယ်။

လက်ရှိတော့ ၀မ်းပျက် ၀မ်းလျှော မဖြစ်သေးကြောင်းနဲ့ ရေတက်လာတာကလည်း ဇူလိုင် ၂၆ ရက် နဲ့ ၂ရ ရက်နေ့ကမှ တက်တာကြောင့် အဲဒီမတိုင်ခင် ဘီးလင်း မြစ်ရေ တိုးလာပြီ ဆိုကတည်းက ကယ်ဆယ်ရေး ကြိုတင် စီစဉ်ထားကြောင်း ၊ အစိုးရ အဖွဲ့မှာ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီတွေ ဖွဲ့ထားပြီး အဲဒီအထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီလည်း ပါကြောင်း ၊ အားလုံးကို စံနစ်တကျ စီစဉ်ထားလို့ ခုထိ ရောဂါဖြစ်တဲ့လူ မရှိသလို ရောဂါဖြစ်ကြောင်း အသံလည်း မကြားရ ၊ ဆေးဝါးလည်း လုံလုံလောက်လောက်နဲ့ ၂၄ နာရီပတ်လုံး စောင့်ရှောက်လျက် ရှိကြောင်း မွန်ပြည်နယ် တိုင်းရင်းသား ရေးရာ ၀န်ကြီးက ဆိုပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ဘီးလင်းမှာ လက်ရှိ စာသင်ကျောင်းပေါင်း ၇၀ လောက် ပိတ်ထားရပြီး ကျောင်းထဲ ရေ၀င်မှု ရှိနေသလို ရပ်ကွက်တွေထဲမှာလည်း ရေလွှမ်းနေတာကြောင့် ကလေးတွေ အနေနဲ့ ကျောင်းတက်ဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။

သထုံမှာတော့ ကျေးရွာ ၂၀လောက် ရေမြုပ်နေတာကြောင့် ကျောင်းတွေ အကုန် ပိတ်ထားရပေမယ့် ခုရက်ပိုင်း ရေပြန်ကျလာလို့ တပတ်အတွင်း ကျောင်းတွေ ပြန်ဖွင့်ဖို့ ပညာရေး ဌာနက ကြေညာ ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရေကျပြီး တပတ်အတွင်း ကျောင်းပြန်ဖွင့်ဖို့ ပြင်ပြီ

တချို့ ကျောင်းတွေကတော့ သြဂုတ်လ ၁ ရက်နေ့ စဖွင့်နိုင်ဖို့ ပြင်ဆင်နေပြီး ရေကျသွားတာနဲ့ ကျောင်းတွေကို သန့်ရှင်းရေး လုပ်ကာ ပြန်လည် ထူထောင်ရေးတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဒေါ်စံဝင့်ခိုင် က ပြောပါတယ်။

စိုက်ပျိုးရေးနဲ့ ပတ်သက်လို့လည်း သဘာ၀ ဘေးနဲ့ ကြုံလာတဲ့ အခါ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေလည်း ထိခိုက်မှု ရှိတာကြောင့် ဒါတွေကို ကူညီ ဆောင်ရွက်ပေးနိုင်အောင် ပြန်လည် ထူထောင်ရေး ကော်မတီ ဖွဲ့ကာ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး က ပြောသွားခဲ့ပါတယ်။

တပတ်နီးပါးကြာရေကြီးနစ်မြုပ်နေတဲ့ ပဲခူး ၊ စစ်တောင်းနဲ့ သံလွင်မြစ် တဝှမ်းက ဒေသ တွေဟာ နှစ်ပေါင်း ၅၀ အတွင်း အမြင့် ဆုံးရေ မှတ်ကိုရောက်နေတဲ့ အတွက်ကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ဖက်ခြမ်း၊ မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ပျက်ဆီးဆုံး ရှုံးမှုတွေ များနေသလို လယ်မြေတွေလည်း နစ်မြုပ် နေတယ်လို့ အစောပိုင်းက လာတဲ့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။

စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း က ဇူလိုင်လ ၂၀ ရက်နေ့အထိ စာရင်းတွေအရ လယ်မြေဧက ၂ သိန်းခွဲ နစ်မြှပ်နေတယ်လို့ ပြောပါတယ်။

စစ်တောင်းနဲ့ သံလွင်မြစ် တွေရဲ့ ဒီနှစ်ရေကြီးမှုဟာ အရင်ကထက်များတဲ့အတွက် သနပ်ပင်မြို့နယ် တခုတည်းမှာပဲ ရေကြီးလို့ ပျက်ဆီးတဲ့လယ်မြေဧက ဟာ အရင်နှစ်ကထက်များမှာ သေချာတယ် လို့သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦး က ပြောပါတယ်။

NLD အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း ဧမထအုပ်စုဝင် မိုးစပါးတင် ၁၀ဝ ကို ကျပ် ၅ သိန်း အနိမ့်ဆုံး ထားဝယ်ယူမယ်လို့ သတ်မှတ်နိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ ဒီနှစ်မိုးစပါးကို အားထည့်ပြီး စိုက်ပျိုးထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မိုးတွင်းကာလမှာ တစ်နှစ်ကို ၃ ကြိမ်လောက်ရေကြီးတတ်တဲ့ အတွက် ကျန်တဲ့မိုးတွင်း ကာလတွေမှာ အခုလိုရေထပ်ကြီးမယ်ဆိုရင်တော့ ပျက်ဆီးမှု များလာနိုင်သလို ဆန်စပါးတင်ပို့မှုကလည်း ထိခိုက်လာနိုင်တယ်လို့ စိုက်ပျိုးရေးပညာရှင်အချို့က ပြောဆိုပါတယ်။