ကရင်မှာ ဒုက္ခသည်တွေထပ်တိုးလာလို့ ကယ်ဆယ်ရေးစခန်းတွေ ထပ်ဖွင့်ရ

ဓာတ်ပုံ မူပိုင် KAYINHPANN
Image caption ရေမြုပ်နေတဲ့ ဘားအံမြို့ပေါ်ရပ်ကွက်တခု

နေရာအတော်များများမှာရေကြီးနစ်မြုပ်နေဆဲဖြစ်တဲ့ ကရင်ပြည်နယ်မှာ ကယ်ဆယ်ရေး စခန်းပေါင်း ၆၀ကျော်ဖွင့်ထားရပြီး ရေဘေးသင့်ပြည်သူကလည်း ၂၃၀၀၀ကျော်ရှိ လာပြီလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဇူလိုင် ၃၁ ရက် နေ့မှာ ရေ နည်းနည်း ပြန်ကျလာပေမယ့် နေအိမ်အများစုက ရေမြုပ်နေ ဆဲ ဖြစ်တာကြောင့် ရေဘေးသင့် ပြည်သူတွေအနေနဲ့ ကယ်ဆယ်ရေး စခန်းတွေကနေ မပြန်နိုင်သေးတဲ့ အပြင် ကယ်ဆယ်ရေးစခန်း တွေကိုပါ ထပ်တိုးထားရ ပါတယ်။

လူ နှစ်သောင်းကျော် ရှိနေပြီဖြစ်တဲ့ ကရင်ပြည်နယ်က ရေဘေးသင့် ပြည်သူတွေအရေး ဆောင်ရွက် နေတာနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက

' ' ဒီနေ့ ရေက ၆လက်မလောက် ကျလာတယ်လို့ ဆိုပေမယ့် နေအိမ်တွေကမြုပ်နေဆဲဖြစ်သလို သံလွင် (ဘားအံ ) တံတားဆိုရင် ဘားအံအဝင် ထောင်ဝိဘုန်းကြီးကျောင်းနားအထိရေကမြုပ်နေတုန်း၊ တချို့အိမ် တွေဆိုလည်း ရေတက်တော့ မြွေ အကိုက်ခံရလို့ ၊ အေးလို့ ဖျားလို့ဆိုပြီး စခန်းတွေကို ထပ်ရောက် လာတာတွေလည်းရှိတယ်။ ဒါကြောင့် ဘားအံမှာဆိုရင် ကယ်ဆယ်ရေးစခန်းကို ထပ်တိုးထားရတယ်။ လူတွေရဲ့ ကျန်းမာရေး အတွက် ပြဿနာတွေရှိလာမှာ၊ ဝမ်းရောဂါတွေဖြစ်လာကြောက်လို့ စခန်းတိုင်းမှာ ကျန်းမာရေးအဖွဲ့တွေထားပေးထားတယ်။ စားသောက်ရေးအတွက် အစိုးရအဖွဲ့ရော အလှူရှင်တွေ ရော မလစ်လပ်အောင် အသေ အချာဆောင်ရွက်ပေးနေတယ်လို့'' ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းက ပြည်သူတွေ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ရေးတွေ ရှိနေတယ်ဆို ပေမယ့် နေအိမ်တွေမှာပဲ ဆက်နေကြတဲ့ ပြည်သူတွေ အတွက်တော့ ရေတက်တဲ့ရက် ကြာလာတာ နဲ့ အမျှ သွားလာရေး အခက်အခဲ တွေရှိနေပြီး စားသောက်ကုန် စျေးတွေလည်း တက်လာတယ်လို့ ဘားအံမြို့ခံ တချို့က ဘီဘီစီကိုပြော ပါတယ်။

'' ရေက အရင်နှစ်တွေကလည်း တက်တာပဲ။ ဒါပေမဲ့ ကျမ အသက် ၃၀အတွင်းမှာတော့ ဒီနှစ်တက်တဲ့ ရေကအဆိုးဆုံးပဲ။ အိမ်အောက်ထပ် တထပ်လုံးမြုပ်သွားတယ်။ ဟိုနားဒီနားသွားရင် လှေလေးတွေနဲ့သွားလို့ ရတယ်ဆိုပေမယ့် ဒီအမှတ် ၂ရပ်ကွက်နားဆိုရင် ရေတအားစီးလို့ လှေတွေကလည်း မလိုက်ဘူး။ ရေပေါ်ဈေးဆိုလည်း မြုပ်သွားလို့ ပိတ်ထားရတယ်။ ဘားအံမြို့မဈေးတခုပဲဖွင့်တယ်။ဒီနေ့ဆိုရင် ရန်ကုန်ကလာတဲ့မုန့်တွေဆို ဝယ်မရတော့ဘူး။ ဂေါ်ဖီထုပ်တွေဘာတွေဆိုရင်လည်း အရင်က တထုပ် ၈၀၀၊ ၁၀၀၀က အခု ၁၈၀၀ လောက်ပေးဝယ်နေရတယ်'' လို့ ဘားအံမြို့ပေါ် အမှတ် ၂ရပ်ကွက်မှာနေထိုင်တဲ့ မရင်မာဝင်းကပြောပါတယ်။

ဇူလိုင် ၂၅ရက်နေ့ ကတည်းက ရေ စတင်မြင့်တက် လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းက စာသင်ကျောင်း အများစုကို ပိတ်ထားရပြီး အခုချိန်အထိ ကျေးရွာ အုပ်စုတွေအပြင် မြို့ပေါ်ကကျောင်းတွေပါ ပြန်မဖွင့်နိုင် သေးဘူးလို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ