ဒုံးကျည်စမ်းသပ်မှုသစ်တွေ မြောက်ကိုရီးယားလုပ်နေလို့ အမေရိကန်ပြော

ဓာတ်ပုံ မူပိုင် KCNA
Image caption ဒုံးကျည်စမ်းသပ်မှုသစ်တွေ မြောက်ကိုရီးယားလုပ်နေ

ထောက်လှမ်းရေးဂြိုဟ်တုတွေက ရတဲ့ အချက်အလက် ဓာတ်ပုံတွေအရ ဒုံးခွင်းဒုံးကျည်စမ်းသပ်မှုသစ်တွေလုပ်နေတဲ့ နေရာကို ခြေရာခံမိထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက ဝါရှင်တန်ပို့စ်သတင်းစာကို ပြောပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာတော့ စက်ရုံထဲ ယာဉ်တွေဝင်ထွက်နေတာတွေကို တွေ့ရပါတယ်။

မြို့တော်ပြုံယမ်းအနီးက Sanumdong နျူကလီးယားစမ်းသပ်စက်ရုံအနီးမှာ ဒုံးခွင်းဒုံးကျည်စမ်းသပ်ရေး အဆောက်အဦ တခု ဒါမှမဟုတ် ၂ ခု ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောခဲ့တာပါ။

ရိုက်တာသတင်းအေဂျင်စီကို ပြောရာမှာတော့ စမ်းသပ်မှုက ဘယ်လောက်ထိ ခရီးပေါက်နေပြီလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ အဲဒီအမေရိကန်အရာရှိက ပြောပါတယ်။

သမ္မတထရမ့် နဲ့ ခေါင်းဆောင်ကင်ဂျုံအွန်း တို့ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက စင်္ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နျူကလီးယားက လျှော့ချရေးကို ထိပ်သီး ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံစဉ်

ဒါပေမယ့် နျူးကလီးယားစွန့်လွှတ်ရေး နဲ့ ဒုံးလက်နက်တွေ အဆုံးသတ်ရေးမှာ အမေရိကန်ဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တိကျတဲ့ကတိကဝတ်တွေ မယူဘဲ လိုက်လျောခဲ့တဲ့အပေါ် သမ္မတထရမ့်ကို ဝေဖန်ပြစ်တင်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှုတွေ ဆက်လုပ်နေသေးတယ်လို့လည်း စုံစမ်းထောက်လှမ်းမှုတွေက ထွက်ရှိလာတဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေမှာ ရေးသား ဖော်ပြခဲ့ဖူးပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ