ဝတပ်ဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် အနားယူ

ဓာတ်ပုံ မူပိုင် Reuters

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ အသက် ၆၀ နှစ်ကျော် ရှိပြီဖြစ်တဲ့ ဒုတပ်မှူး ရဲဘော် အိုက်လွန်း ကျန်းမာရေးအရ အနားယူ သွားတယ်လို့ UWSA ရဲ့ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဘီဘီစီကိုပြောပါတယ်။

အခုလိုလစ်လပ်သွားတဲ့ UWSA ရဲ့ ဒုတိယ ခေါင်းဆောင် ဦးအိုက်လွန်း နေရာကို ပြန်မခန့် ရသေးဘူးလို့လည်း သူက ဆိုပါတယ်။

အနားယူသွားတဲ့ ဒုတပ်မှူး ရဲဘော်အိုက်လွန်းဟာ UWSA မှာ ဒုတိယ ခေါင်းဆောင် ဖြစ်ပေမယ့် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍမှာတော့ ပါဝင်လေ့မရှိဘူးလို့ လေ့လာသူ တွေက ပြောပါတယ်။

၀ပြည်သွေးစည်းညီညွတ်ရေးပါတီမှာ တောင်ပိုင်းကလာတဲ့ ဝအဖွဲ့နဲ့ မြောက်ပိုင်းက လာတဲ့ ၀ အဖွဲ့ဆိုပြီး ယေဘုယျ နှစ်ဖွဲ့ရှိပြီး ဒုတပ်မှူး ရဲဘော်အိုက်လွန်းက ဦးပေါက်ယူချန်းတို့ရဲ့ မြောက်ပိုင်းအဖွဲ့ထဲက ဖြစ်ပါတယ်။

UWSAရဲ့ ဖွဲ့စည်းပုံအရ တပ်မှူးဖြစ်တဲ့ ဦးပေါက်ယူချန်းဟာ အကြီးဆုံးဖြစ်ပြီး ဒုတပ်မှူး ရဲဘော်အိုက်လွန်းဟာ UWSAရဲ့ ဒုတိယ အကြီးအကဲလို့လည်း နားလည် ရပါတယ်။

တပ်မှူး ဦးပေါက်ယူချန်းရဲ့ အောက်မှာ ဒုတပ်မှူး ၂ ဦးရှိပြီး နောက်ဒုတပ်မှူးက ကျောက်ကျုံးတန်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဇူလိုင်လက နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ပင်လုံအစည်းအဝေး တက်ရောက်လာတဲ့ ၀ ခေါင်းဆောင်များ

ဒုတပ်မှူး ၂ ဦးရဲ့ အောက်မှာ စစ်ဦးစီးချုပ် ရှိပါတယ်။ စစ်ဦးစီးချုပ်ရဲ့ အောက်မှာတော့ ဒုတိယ စစ်ဦးစီးချုပ် ၈ ဦး ရှိပါတယ်။

၂၁ ရာစုပင်လုံညီလာခံရဲ့တတိယအကြိမ်အစည်းအဝေးအပြီး ဝအဖွဲ့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ကြားတွေ့ဆုံဖို့ ရှိပေမယ့် အခုချိန်ထိ မတွေ့နိုင်သေးတာ ဝတပ်ဖွဲ့ အတွင်း ရာထူးအပြောင်းအလဲကြောင့်ဖြစ်နိုင်တယ်လို့ငြိမ်းချမ်းရေး လေ့လာသူ တွေက သုံးသပ်ပါတယ်။

UWSAရဲ့ ထိပ်ပိုင်း ရာအထူးအပြောင်းအလဲက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်ဘယ်လို သက်ရောက်မှု တွေရှိလာမလဲဆို တာကိုလည်း လေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။