ရိုဆာရီယို မယ်နာလို ဘယ်လို ပုဂ္ဂိုလ်လဲ

ဓာတ်ပုံ မူပိုင် SAW YAN NAING
Image caption ၂၀၁၇ခုနှစ် မနီလာမြို့ ဆွေးနွေးပွဲ တခုမှာ မယ်နာလိုကို ဘီဘီစီ အကြီးတန်း သတင်းထောက် စောရန်နိုင်နဲ့အတူ တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ အာဆာ လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖေါ်ထုတ်ဖို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မရှင်ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဦးဆောင်မယ့်သူက ဖိလစ်ပိုင် သံအမတ်ဟောင်း ရိုဆာရီယို မယ်နာလို ဖြစ်ပါတယ်။

မယ်နာလိုဟာ မြန်မာအစိုးရ ဝန်ကြီးတချို့နဲ့ ရင်းနှီးသူ ဖြစ်သလို အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ နိုင်ငံရေး အကြောင်း အတော်လေး ကျွမ်းဝင်သူ ဖြစ်တယ်လို့ ၂၀၁၇ခုနှစ် မနီလာမြို့ ဆွေးနွေးပွဲ တခုမှာ သူနဲ့ တွေ့ဆုံ စကားပြောဖူးသူ ဘီဘီစီ အကြီးတန်း သတင်းထောက် စောရန်နိုင်က ပြောပါတယ်။

မယ်နာလို ဟာ သံတမန်ရေးမှာလည်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပြီး ဖိလိပိုင်နိုင်ငံရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးပါတယ်။

သူကိုယ်တိုင်လည်း အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ တစ်ယောက် ဖြစ်ပြီး ကုလသမဂ္ဂလက်အောက်က CEDAW လို့ခေါ်တဲ့ အမျိုးသမီးတွေ အပေါ် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

မယ်နာလိုဟာ အာဆီယံ ခေါင်းဆောင် တချို့နဲ့ ရင်းနှီးပြီး အာဆီယံရဲ့ ပေါ်လစီ တခုဖြစ်တဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးဟာ အလုပ်မဖြစ်ဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်းဒဏ် ခံရတုန်းက ပြည်ပ ကယ်ဆယ်ရေး အကူအညီမယူပဲ ငြင်းဆိုခဲ့တဲ့ မြန်မာအစိုးရကို မစ်စ် မယ်နာလိုက ကိုယ်တိုင် ဝင်ညှိနှိုင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

မယ်နာလိုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပေါက်ရောက်တဲ့ အပြင် အရှေ့တောင် အာရှနိုင်ငံက လူဖြစ်တာရယ်၊ မြန်မာအရေးနဲ့လည်း ရင်းနှီးမှု ရှိတာကြောင့် ဒီတာဝန်က သူနဲ့ သင့်တော်လို့ ခန့်အပ်လိုက်တာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရာမှာ တပ်မတော်ရဲ့ ပူးပေါင်း ပါဝင်မှု မရှိရင်တော့ ကော်မရှင်အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ