ဘားအံမှာ ရေကျပေမယ့် အိမ်ပြန်လို့မရသေး

ဓာတ်ပုံ မူပိုင် EPA
Image caption ရေကျပေမယ့် အိမ်ပြန်လို့ မရသေးဘဲ ဖြစ်နေ

သံလွင်မြစ် အနည်းငယ်ပြန်ကျသွားပေမယ့် ကရင်ပြည်နယ် ဘားအံမြို့မှာ ရေဘေးသင့်သူတွေဟာ အိမ်တွေ ပြန်လို့ မရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ရေတက်စဉ် ခြောက်ပေလောက် တက်ခဲ့ပြီး အခု ပြန်ကျချိန်မှာ တထွာလောက်ဘဲ ပြန်ကျတာသာ ဖြစ်တယ်လို့ ဘားအံမြို့က ရေဘေးသင့်သူတွေကို ကိုယ်တိုင်လိုက်ပါကူညီနေတဲ့ အန်ဂျီအို အဖွဲ့တဖွဲ့ဖြစ်တဲ့ ကယ်ဆယ်ရေးအင်အားစုရဲ့ မြန်မာနိုင်ငံတာဝန်ခံ မဆိုဖီယာနိုင် က ပြောပါတယ်။

လက်ရှိတော့ ရေက တန့်နေပြီး မူလ အနေအထားမျိုးထိ ရောက်အောင် ပြန်ကျတာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

ရေကျတယ်ဆိုပေမယ့် အဆက်မပြတ် ပြန်ကျတာ မဟုတ်သေးတဲ့ အတွက် ရေဘေးသင့်သူတွေ အနေနဲ့ ကိုယ့်အိမ် ကိုယ့်ယာ ပြန်သွားလို့ မရသေးတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ ရေဘေးစခန်းတွေ ဆီကိုတောင် လှေနဲ့ သွားလာနေရတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် တချို့ စခန်းတွေ ဆိုရင် လူတွေ ပြည့်ကျပ်နေတဲ့ အတွက် လူတွေက အိမ်ခေါင်မိုး အောက်က ထုပ်တန်းမှာ ကန့်ပြီး သက်ကြီး ရွယ်အို အဖိုး အဖွားတွေနဲ့ ကလေးတွေ တက်နေ နေရတာကို တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ကယ်ဆယ် ကူညီရေး အပိုင်းမှာ သူတို့ အနေနဲ့ သက်ကယ် အင်္ကျီတွေ ၊ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သက်ကြီး ရွယ်အိုတွေ အတွက် အာဟာရ အပြင် ကလေးသူငယ်တွေ အတွက် အာဟာရမှုန့်နဲ့ မွေးကင်းစ ကလေးတွေ အနှီးတွေ လောက်ဘဲ ဘားအံမြို့ထဲက တခြားအဖွဲ့တွေ မရောက်နိုင်သေးတဲ့ နေရာတွေ ၊ ရွာငယ် တွေကို သွားလှူပေးနိုင်တဲ့ အခြေအနေဘဲ ရှိသေးတယ်လို့ သူက ဆိုပါတယ်။

ဘားအံမှာ ကယ်ဆယ်ရေး စခန်းပေါင်း ၃၈ ခုရှိပြီး လူပေါင်း တသောင်း နှစ်ထောင်ကျော်လောက် ဒုက္ခ ရောက်နေတာ ဖြစ်သလို အစိုးရ အနေနဲ့ အင်အားအပြည့်နဲ့ လုပ်နေပေမယ့် နည်းပညာနဲ့ ပစ္စည်း ပြည့်စုံ လုံလောက်မှု မရှိတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။

အစိုးရ ကယ်ဆယ်ရေး ၀န်ထမ်းတွေ ကိုယ်တိုင်ပင် သက်ကယ် အင်္ကျီ ၊ ဖိနပ် စတဲ့ အဓိက ပစ္စည်းတွေ အလုံအလောက် မရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဘားအံမြို့ပေါ် မဟုတ်တဲ့ လှိုင်းဘွဲလို့ နေရာမျိုးနဲ့ တခြား မြို့နဲ့ ဝေးတဲ့ နေရာတွေမှာ အကူအညီတွေ အကြီးအကျယ် လိုအပ်လျက် ရှိပြီး အဲဒီ နေရာတွေကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ မရောက် နိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ပို့ဆောင် ဆက်သွယ်ရေး ပိုင်းမှာတော့ ဘားအံကနေ မော်လမြိုင်သွား ကားကြီးတွေတော့ စတင်ပြေးဆွဲနေပြီး ဘားအံ မြ၀တီ သွားလာမှုတွေကတော့ ပိတ်ထားရဆဲ ဖြစ်ပါတယ်။

ရန်ကုန် ဘားအံ လမ်းအပိုင်းမှာလည်း ရေကျော်တဲ့ နေရာတွေ ရှိနေသေးပြီး ကုန်ကားကြီးတွေ လောက်သာ သွားလာနေသေးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဒုက္ခသည် စခန်းတွေဆီကိုတောင် လှေနဲ့ သွားနေရ

အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း ရေကြီးပြီး အနည်းဆုံး လူ ၇ ဦးလောက်သေဆုံးခဲ့သလို လူတွေလည်း ပျောက်ဆုံးနေတာတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ် အတွင်း များမကြာမီက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုအတွင်း ရေနစ်လို့သေတာ၊ ရေစီးနဲ့ မျောပါလို့ သေသွားတာတွေကြောင့် အသက်ဆုံးရှုံးရသူ ၇ ယောက်ခန့် ရှိသွားပြီ ဖြစ် ပါတယ်။

သေဆုံးတဲ့ အထဲမှာ မာန်အောင်မြို့နယ်က လေးဦး၊ အမ်းမြို့နယ်က ၂ ဦး၊ မြောက်ဦးမြို့နယ်က တက္ကသိုလ်ဝင်တန်းအောင်ထားတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးတို့ ရေနစ်သေဆုံးခဲ့ရပါတယ်။

တစ်နေ့ကဆိုရင်လည်း မာန်အောင်မြို့နယ်မှာ စက်လှေနစ်မြုပ်ရာကနေ ရေလုပ်သား တစ်ဦး ပျောက်ဆုံးနေသလို တစ်ခြား ဖြစ်စဉ်တစ်ခုမှာလည်း စက်လှေပေါ်က ပြုတ်ကျပြီး လူတစ်ဦးပျောက်ဆုံးနေပါတယ်။

မာန်အောင်မြို့နယ် တစ်ခုတည်းအတွင်း လူ ၄ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကာ အခု သေဆုံး/ပျောက်ဆုံးသူတွေအားလုံးဟာ ရေနစ် သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံ သတင်းသမားတစ်ဦးဖြစ်တဲ့ ဦးအောင်လင်းထွန်းက ပြောပါတယ်။

ဒီလို သေဆုံးမှုတွေ ရှိတာနဲ့ ပတ်သက်ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုး ဦးစီးဌာနက ဦးစီးမှူး ဦးရဲမင်းဦး ကတော့ သူတို့မှာ ရှိတဲ့ အချက်အလက်တွေ အရ သေဆုံးသူ ၂ ဦးသာ စာရင်းရသေးတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဒီနှစ် မိုးရာသီအတွင်း ဇွန်လမှာလည်း ရေကြီးခဲ့သလို ဇူလိုင်မှာလည်း ရေလွှမ်းဒဏ် ခံခဲ့ရပါတယ်။

ဇွန်လ ရေကြီးတုန်းကလည်း မိုးက အဆက်မပြတ်ရွာသွန်းပြီး ရေစီးသန်တာကို အလေးမထားဘဲ ဆင်းကူးရာကနေ တောင်ကုတ်၊ စစ်တွေ၊ မင်းပြားနဲ့ အမ်းမြို့နယ် တို့မှာ လူ ၅ ဦးထက် မနည်း သေဆုံးမှုတွေ ရှိခဲ့ပါတယ်။