သြဂုတ်လ ၁ ရက်နေ့ စိတ်ဝင်စားစရာ သတင်းများ

မဒေါက်မြို့

ဓာတ်ပုံ ရင်းမြစ်, Than Htut Lin

ဓာတ်ပုံ ပုံစာ,

မဒေါက်မြို့

၁။ ပဲခူတိုင်း၊ ညောင်လေးပင်မြို့အပိုင် မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၅ ပေ ကျော် ရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ရေကျဆင်းလာပေမယ့် အကျနှေးနေသေးလို့ ရေမြှုပ်နေသေးတဲ့ ကျေးရွာ ၂၈ ရွာ ရှိနေသေးပြီး မြို့ပေါ်မှာရှိတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုမှာလည်း ရေးဘေးခိုလှုံနေကြရသူတွေ ရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေအကျနှေးနေပေမယ့် အခြေခံပညာအထက်တန်းကျောင်းတွေကိုတော့ စာသင်ချိန်နောက်ကျမှာ စိုးရိမ်လို့ ဒီအပတ်အတွင်း အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာက စီစဉ်နေတယ်လို့လည်း သူတို့တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ခိုင်ခိုင်လဲ့ဖေ့ဘုတ်

ဓာတ်ပုံ ပုံစာ,

ရေစီးနဲ့မျောပါ ပျောက်ဆုံးနေတဲ့ တပ်မတော်သားတွေကို ရှာဖွေ

၂။ ဘီးလင်းမြို့မှာ ရေဘေးသင့်ဒေသခံပြည်သူတွေကို ကူညီကယ်ဆယ်ရေးရင်း ရေစီးနဲ့မျောပါ ပျောက်ဆုံးနေတဲ့ တပ်မတော်စစ်သား ၁ ဦးရဲ့ ရုပ်အလောင်းကို သြဂုတ် ၁ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘီလင်းမြို့နယ်ရဲ့ ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင် က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ရေကြီးနေတဲ့ ဘီးလင်းမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း တပ်မတော်သား ၃ ဦးဟာ ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်သား ၃ ဦးအနက် ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၃၁ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ,

ပြည်ထောင်စုလွှတ်တော် နာယက

၃။ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ပြီးဆုံးသွားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တာဝန်လွှဲပြောင်း ပေးခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအရ ရွေးကောက်ခံတင်မြှောက်ခံရတဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်း ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့က ၂ နှစ်ခွဲဆီ တာဝန်ယူရတာပါ။

ဓာတ်ပုံ ပုံစာ,

ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျ

၄။ မက္ကဆီကိုနိုင်ငံ ဒူရမ်ဂိုမြို့က နိုင်ငံတကာလေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး လေယာဉ်ကွင်းကနေ ထွက်ခွာပြီး မိနစ်ပိုင်းမှာပဲ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ပျက်ကျခဲ့ပေမယ့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၁၀၁ ယောက်မှာ ၈၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒူရမ်ဂိုမြို့ရဲ့ မြို့တော်ဝန်က သူရဲ့တွတ်စ်တာမှာ ရေးသားထားပါတယ်။ ၂ ယောက်ကတော့ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လေယာဉ်ပျက်ကျရာမှာ သေဆုံးသူ မရှိဘူးလို့ မြို့တော်ဝန်က ဆိုပါတယ်။