ရေကြီးတဲ့မြို့တွေမှာ ဘယ်လိုအခြေအနေရှိနေပြီလဲ

ဓာတ်ပုံ မူပိုင် Saw Chaint Phaung
Image caption ဘားအံမြို့

ရေကြီးနေဆဲဒေသတွေမှာ မြစ်ရေတွေ ကျဆင်းလာပေမယ့် ဒေသခံတွေကတော့ သူတို့ရဲ့နေအိမ်တွေဆီကို မပြန်နိုင်ကြသေးပါဘူး။ မိုးကရွာနေဆဲ ဖြစ်သလို ရေကလည်း အကျနှေးနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ သြဂုတ်လ ၁ ရက် အထိ ရေ ၁ ပေသာကျဆင်းသေးလို့ ရေးဘေးရှောင်စခန်း ၁၃ ခုလုံးက ရေဘေးရှောင်ပြည်သူတွေဟာ နေရပ်ရင်းကို မပြန်နိုင်ကြသေးဘူးလို့ ဒေသဆိုင်ရာ အုပ်ချုပ်သူတွေက ပြောပါတယ်။

မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်မှာ ရှိနေဆဲဖြစ်ပြီး ၅ ပေ နီးပါးအထိ ကျဆင်းသွားမှသာ ရေနစ်မြှုပ်နေတဲ့ ကျေးရွာ၊ ရပ်ကွက်တွေဆီကို ပြန်လည်နေထိုင်နိုင်မှာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ရေကျတာ နှေးသလို ဒီနေ့မှာလည်း ရေကတန့်နေဆဲဖြစ်လို့ သထုံ - ဒုံသမိ - ဘားအံ ကားလမ်းပိုင်းမှာ ၄ ပေအထိ ရေကျော်နေတဲ့ နေရာတွေရှိနေပြီး ဘားအံမြို့အဝင် သံလွင်တံတားနားမှာလည်း ရေကျော်နေသေးလို့ ကားတွေ ဖြတ်သန်းမောင်းဖို့ ခက်ခဲနေတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပဲခူးမြို့

ပဲခူးမြို့

ပဲခူးမြစ်ရေဟာ ဒီကနေ့မနက်မှာ စိုးရိမ်ရေမှတ်အောက်ကို ၄ ပေ လောက် ပြန်ကျလာပြီလို့ ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးတာဝန်ခံ ဦးညွန့်ရွှေက ဘီဘီစီကို ပြောပါတယ်။

အရင်က ရေလူတစ်ရပ်ကျော် မြုပ်တဲ့နေရာတွေမှာ ခါးနေရာလောက်အထိ ပြန်ကျလာပေမယ့် နေအိမ်တွေမှာတော့ ရေတွေ ရှိနေဆဲဖြစ်လို့ ရေဘေးစခန်းမှာ ခိုလှုံနေတဲ့ ဒေသခံအများစုဟာ နေအိမ်တွေဆီကို မပြန်နိုင်ကြသေးပါဘူး။

ရေပြန်ကျလာတယ် ဆိုပေမယ့် ပဲခူးမြို့ပေါ်မှာရှိတဲ့ ရေဘေးစခန်းတစ်ခုမှ မပိတ်နိုင်သေးဘူးလို့ ဦးညွန့်ရွှေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Than Htut Lin
Image caption မဒေါက်မြို့

မဒေါက်မြို့

ပဲခူတိုင်း၊ ညောင်လေးပင်မြို့အပိုင် မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၅ ပေ ကျော် ရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ရေကျဆင်းလာပေမယ့် အကျနှေးနေသေးလို့ ရေမြှုပ်နေသေးတဲ့ ကျေးရွာ ၂၈ ရွာ ရှိနေသေးပြီး မြို့ပေါ်မှာရှိတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုမှာလည်း ရေးဘေးခိုလှုံနေကြရသူတွေ ရှိနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေအကျနှေးနေပေမယ့် အခြေခံပညာအထက်တန်းကျောင်းတွေကိုတော့ စာသင်ချိန်နောက်ကျမှာ စိုးရိမ်လို့ ဒီအပတ်အတွင်း အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာက စီစဉ်နေတယ်လို့လည်း သူတို့တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Min Naing
Image caption ရွှေကျင်မြို့

ရွှေကျင်မြို့

ပဲခူးတိုင်း၊ ရွှေကျင်မြို့မှာလည်း ရွှေကျင်ချောင်းရေနဲ့ စစ်တောင်းမြစ်ရေ ကျဆင်းတာ နည်းနေသေးလို့ ရွာတွေ၊ ရပ်ကွက်တွေဟာ ရေနစ်မြှုပ်နေဆဲ ဖြစ်တယ်လို့ ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောပါတယ်။

ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၂ ပေ အထိ ရှိနေသေးလို့ ရွှေကျင်မြို့ပေါ်မှာရှိတဲ့ ရေဘေးကယ်ဆယ်ရေး စခန်း ၅ ခုမှာ ခိုလှုံနေကြတဲ့ ဒေသခံတွေလည်း နေအိမ်တွေဆီ မပြန်နိုင်သေးဘူးလို့ ဦးထွန်းထွန်းလင်းက ဆိုပါတယ်။

ရွှေကျင် - ညောင်လေးပင် ကားလမ်းမှာတော့ ရေအနည်းငယ်ကျသွားလို့ ကားကြီးတွေ့ပြန်လည်စမ်းသပ် မောင်းနေပြီလို့ သူက ပြောပါတယ်။

ဘီလင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ မြစ်ရေပြန်လည်ကျဆင်းလို့ ကားလမ်းပိုင်းတွေမှာ ကားတွေ ပုံမှန် ဖြတ်သန်းနိုင်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဘီးလင်းမြို့မှာ ရေဘေးသင့်ဒေသခံပြည်သူတွေကို ကူညီကယ်ဆယ်ရေးရင်း ရေစီးနဲ့မျောပါ ပျောက်ဆုံးနေတဲ့ တပ်မတော်သား ၁ ဦးရဲ့ ရုပ်အလောင်းကို သြဂုတ် ၁ ရက်နေ့မှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဘီလင်းမြို့နယ်ရဲ့ ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ရေကြီးနေတဲ့ ဘီးလင်းမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း တပ်မတော်သား ၃ ဦးဟာ ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်သား ၃ ဦးအနက် ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၃၁ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ