ကရင်၊မွန်နဲ့ တနင်္သာရီမှာ ရေမြုပ်လို့ လယ်မြေ ဧက ၃ သိန်းကျော်ပျက်စီး

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption မွန်ပြည်နယ် သထုံခရိုင်တွင် ရေကြီးရေလျှံမှုများကြောင့် မိုးစပါး စိုက်ဧက ၄သောင်းကျော် ရေနစ်မြုပ်

ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရရှိ ထားတဲ့ စာရင်းအရ ရေကြီးရေလျှံမှုတွေကြောင့် ရေနစ်မြုပ်တဲ့ လယ်ဧက ၇သိန်း ကျော် ရှိတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ပြောပါ တယ်။

လက်ရှိအချိန်မှာ ရေကျလို့ ပြန်ပေါ်လာတဲ့ လယ်ဧက ၆ သိန်းကျော်ရှိပြီး လယ်မြေဧက ၃ သိန်းကျော် ပျက်စီး ဆုံးရှုံးတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့ နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ ပျက်စီးသွားတဲ့ လယ်မြေဧက ၃ သိန်းထဲမှာ မိုးနှမ်း၊ နွေနှမ်းနဲ့ ဆိုင်တဲ့ လယ်မြေဧက ၂ သိန်းကျော်နဲ့ မိုးစပါးက ၁ သိန်းကျော်လို့ သူက ဆိုပါတယ်။

ပျက်စီးသွားတဲ့ လယ်မြေ ဧကတွေထဲမှာ တောင်သူတွေက မိုးစပါးကို ပြန်စိုက်ပျိုး ရာမှာ ဧက ၆ သောင်းကျော်ပြီးသွားပြီလို့ သိရပါတယ်။

ဇူလိုင် ၂၇ ရက်နောက်ပိုင်း ပဲခူးတိုင်းဒေသကြီးမှာ ရေလွမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးသွားတဲ့ စာရင်းတွေကို ကောက်ခံ နေဆဲလို့လည်း ဆိုပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနအနေနဲ့ ရေနစ်လို့ လယ်ယာမြေ ပျက်စီးသွားတဲ့ တောင်သူတွေ မိုးစပါး စိုက်ပျိုးမယ်ဆိုရင် မျိုးစပါး ထောက်ပံ့ပေးဖို့ ရှိသလို ထွန်ယက်ရေး အခက်အခဲ ရှိရင် အကူအညီပေးမယ်လို့လည်း ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption မွန်ပြည်နယ် သထုံခရိုင်တွင် ရေကြီးရေလျှံမှုများကြောင့် မိုးစပါး စိုက်ဧက ၄သောင်းကျော် ရေနစ်မြုပ်

ရေနစ်မြုပ်လို့ လယ်မြေတွေ ပျက်စီးတာကြောင့် နှမ်းက အထွက်နှုန်း လျော့နိုင် ပေမယ့် ပျက်စီးတဲ့ လယ်မြေတွေမှာ မိုးစပါးကို အချိန်မီ ပြန်စိုက်နိုင်မယ်ဆိုရင် စပါး အထွက်နှုန်းက လျော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သဘာ၀ ဘေးအန္တရာယ်ကြောင့် စပါးမှ အပ တခြား ပျက်စီးသွားတဲ့ သီးနှံတွေအတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြင့်တင်ရေး ဥပဒေ အရ ရန်ပုံငွေတောင်းခံပြီး ထောက်ပံ့ကြေး ပုံစံ ပေးဖို့ လုပ်ဆောင်နေပါတယ်။

ဇူလိုင် ၁ ရက်နေ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကရင်နဲ့ မွန် ပြည်နယ်၊ တနင်္သာရီ၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးတွေမှာ ရေကြီးလို့ လူဦးရေ ၁ သိန်း ၅ သောင်းနီးပါး ရွှေ့ပြောင်းခဲ့ရသလို သေဆုံးသူ ၁၂ ဦးနဲ့ ကယ်ဆယ်ရေး စခန်း ၃၂၇ ခု ဖွင့်ထားရတယ်လို့ ဆိုပါတယ်။