ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မီးမှိန်ချ

ဓာတ်ပုံ မူပိုင် Canadian Museum of Human Rights
Image caption CMHR က ဒေါ်စုအပေါ် ဝေဖန်လာ

ကနေဒါနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ပြတိုက်မှာ ထားရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ပြတိုက်တာဝန် ရှိသူတွေက မီးမှိန်ချလိုက်ပါတယ်။

ရိုဟင်ဂျာတွေ အတိုက်အခိုက် ခံခဲ့တဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး ကနေဒါ နိုင်ငံသားတွေက ဝေဖန်နေတဲ့ အတွက် ပြတိုက်ဘက်ကလည်း အခုလို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနေဒါ လူ့အခွင့်အရေးပြတိုက် ဟာ မင်နီတိုးဘားပြည်နယ် မြို့တော် ဝင်နီပက်မှာ ထားရှိတဲ့ ပြတိုက်ကြီး ဖြစ်ပါတယ်။

အဲဒီပြတိုက်ထဲ လူ့အခွင့်အရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူ ပုဂ္ဂိုလ် ၁ဝဝ နဲ့ သူတို့ရဲ့ ဆောင်ရွက်မှုတွေ အကြောင်း စုစည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် CMHR
Image caption ဗိသုကာ လက်ရာဆန်းတဲ့ ကနေဒါ လူ့အခွင့်အရေးပြတိုက် CMHR
ဓာတ်ပုံ မူပိုင် CMHR
Image caption အစဉ်လိုက် စာရင်းထဲကနေလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ဖယ်ရှား

အခုတော့ ခေတ်အဆက်ဆက် ဆောင်ရွက် ခဲ့သူတွေ အကြောင်း အစဉ်လိုက် စာရင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ဖယ်ရှား လိုက်ပြီး ဓာတ်ပုံကို ထွန်းပေးထားတဲ့ မီးကိုပါ မှိန်ချပစ်လိုက်ပါတယ်။

အဲဒီ ဓာတ်ပုံဟာ ဂုဏ်ထူးဆောင် ကနေဒါ နိုင်ငံသား ၆ ယောက်ရဲ့ ပုံတွေ စုစည်းထားတဲ့ နေရာက ပုံဖြစ်ပါတယ်။

ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းခွင့် ပြတိုက်မှာ မရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို အဲဒီ နေရာက ဖယ်ရှားမှာတော့ မဟုတ်ဘူး ဆိုပြီး ပြတိုက် တာဝန် ရှိသူတွေ ဆုံးဖြတ် ထားပါတယ်။

ဒါပေမယ့်လည်း မီးမှိန်ထားတဲ့ ဓာတ်ပုံနားမှာပဲ သူတို့ ဘာလို့ အခုလို ဆုံးဖြတ်ရသလဲ ဆိုတာကို ရှင်းပြတဲ့ စာကို ထားလာတာ တွေ့ရပါတယ်။

အဓိကကတော့ အကြမ်းဖက် ဖြစ်ရပ်တွေ အပေါ် ရှုတ်ချဖို့ ပျက်ကွက်တယ် ဆိုပြီး ဝေဖန် ခံနေရတဲ့ အချက်ကိုပဲ ဖော်ပြထားတာပါ။

ဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ် ဆွေးနွေးနိုင်တယ် ဆိုပြီးတော့လည်း ပြတိုက်က ဖိတ်ခေါ်ထားပါတယ်။

Image caption လူ ၇ သိန်းကျော် ထွက်ပြေးခဲ့ရ
Image caption ကော့ဆက်ဘဇားရောက် ရိုဟင်ဂျာ ကလေးငယ်

ဒုတိယ ကမ္ဘာစစ် အတွင်း ဂျူးတွေ အစုလိုက် အသတ် ခံခဲ့ရတဲ့ ဟိုလိုကော့စ် ဖြစ်ရပ်အကြောင်း အမေရိကန်မှာ အမှတ်တရ ထားရှိတဲ့ ပြတိုက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ သူတို့ရဲ့ ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းတာမျိုး ၂၀၁၈ မတ်လတုန်းက ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်ခြားစောင့် ကင်းစခန်းတွေ ချိန်ကိုက် တိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက တုံ့ပြန် ကိုင်တွယ်ခဲ့တာမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထား ကျူးလွန် ခဲ့တယ် ဆိုပြီး စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ရိုဟင်ဂျာ သိန်းပေါင်းများစွာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားကြပြီး အဲဒီဒုက္ခသည် အရေးအပေါ် တကမ္ဘာလုံးက အာရုံစိုက်လာပါတယ်။

ကနေဒါ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ အပေါ် လေ့လာဖို့ ဆိုပြီး ဘော့ဘ်ရေးကို အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ

ဘော့ဘ်ရေးက ကနေဒါ အစိုးရကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာလည်း ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေ အတွက် မြန်မာ အာဏာပိုင်တွေ ဘက်က တာဝန်ခံမှု၊ တာဝန်ယူမှု ပြုလုပ်ပေးဖို့ ပျက်ကွက် နေတယ်လို့ သုံးသပ် ဝေဖန် ထားပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တာတွေဟာ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်ထိ မြောက်တယ်လို့လည်း ဘော့ဘ်ရေးက ပြင်းပြင်းထန်ထန် ပြောဆို ခဲ့ပါတယ်။

ကနေဒါ အစိုးရဘက်က မြန်မာ အစိုးရ စစ်တပ်က ခေါင်းဆောင်ပိုင်းကို ရည်ရွယ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တချို့ကို အမေရိကန်၊ အီးယူတို့ နည်းတူ ချမှတ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

အခု လူ့အခွင့်အရေး ဆိုင်ရာ ပြတိုက်က လုပ်ဆောင်လာတာတွေကတော့ ကနေဒါ အစိုးရရဲ့ သဘောထားကို ထင်ဟပ်ပြီး ဆောင်ရွက်တာလို့ ပြောရာမှာထက် စာရင် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခွင့် ဆုံးဖြတ် နိုင်ခွင့်ရှိတဲ့ ပြတိုက်ရဲ့ ကိုယ်ပိုင် သဘောထား အဖြစ် ယူဆရတယ်လို့ ကနေဒါမှာ နေထိုင်နေတဲ့ မြန်မာ့ အရေး ဆောင်ရွက်သူ ယူရိုဘားမား အဖွဲ့ရဲ့ အကြီးအကဲ ဦးဟန်ယောင်ဝေက ဘီဘီစီကို ပြောပါတယ်။

ရခိုင်မြောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် စုံစမ်း စစ်ဆေးဖို့ ဆိုပြီး ဝါရင့် နိုင်ငံတကာ သံတမန် ပုဂ္ဂိုလ် နှစ်ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို မြန်မာ အစိုးရက လတ်တလော မှာပဲ ဖွဲ့စည်း ထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကော်မရှင်တွေ အမျိုးမျိုး ဖွဲ့ထားနှင့်ပြီး ဖြစ်လို့ ဒီ တခေါက် ကော်မရှင် အနေနဲ့ရော ဘယ်လောက်ထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလဲ ဆိုတဲ့အပေါ် နိုင်ငံတကာရဲ့ မေးခွန်းတွေ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ ဦးဟန်ယောင်ဝေက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဆွဲသူ