မဒေါက်မှာ ရေဘေးရှောင်ရသူ တသောင်းခွဲကျော်ပြီ

Image caption ဒေသတွင်း ဘုန်ကြီးကျောင်းတွေကလည်း အဲဒီ ရေဘေး ဒုက္ခသည်တွေကို လက်ခံထား

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် မဒေါက်ဒေသ ရေကြီးမှုတွေမှာ ရေဘေးလွတ်ရာ ခိုလှုံနေရသူ ၁၅၆၁၄ ယောက် ရှိပြီလို့ မဒေါက် အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုးက ဘီဘီစီကို ပြောပါတယ်။

မဒေါက်မြို့ပေါ်မှာ ရေဘေးဒုက္ခသည် စခန်း ငါးခု ထားရှိပြီး ဒုက္ခသည်တွေ ရာချီလက်ခံထားတဲ့ အမှတ် ၁ ရပ်ကွက် ဘုန်းကြီးကျောင်းနဲ့ တိုင်တရာ ကျောင်းကြီးအပါအဝင် ဒေသတွင်း ဘုန်ကြီးကျောင်းတွေကလည်း အဲဒီ ရေဘေး ဒုက္ခသည်တွေကို လက်ခံထားတယ်လို့ဆိုပါတယ်။

ဒီရေဘေး ဒုက္ခသည်တွေကို အာဏာပိုင်တွေသာမက ပရဟိတ အလှူရှင်တွေကလည်း အကူအညီ ပေးနေပြီး ဒုက္ခသည် အရေအတွက်လည်း တိုးပွားလာနေပါတယ်။

Image caption ဒုက္ခသည်စခန်းတခုကို ကျန်းမာရေးမှူး တဦးနဲ့ သူနာပြု တဦးစီထား

စခန်းအသီးသီးက ရေဘေးဒုက္ခသည်တွေ အနေနဲ့ သောက်ရေသန့် ရရှိဖို့ အပါအဝင် ရေဘေးနဲ့ ပတ်သက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို စီမံခန့်ခွဲရေး အရေးပေါ် ဌာနတခု ဖွင့်ပြီး ဆောင်ရွက်နေတယ်လို့ ဦးနေဇာမျိုးက ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးအတွက်လည်း ဒုက္ခသည်စခန်းတခုကို ကျန်းမာရေးမှူး တဦးနဲ့ သူနာပြု တဦးစီထားပြီး လိုအပ်သလို စောင့်ရှောက်ပေးနေတယ်လို့လည်း သူကပြောပါတယ်။

လက်ရှိ အခြေအနေမှာ မဒေါက်မြို့တွင်း တပေကနေ နှစ်ပေခန့်အထိ ရေပြန်ကျသွားပေမယ့် တအိမ်လုံး မြုပ်သွားတဲ့သူတွေအတွက် အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

Image caption မိုးဆက်ရွာမယ်ဆိုရင် ရေဆက်တက်ဦးမှာကို ဒေသခံတွေ စိုးရိမ်

မဒေါက်မြို့တဝိုက် ရေကြီးမှု အခြေအနေမှာ ရပ်ကွက် နှစ်ခုနဲ့ ကျေးရွာ အုပ်စု ကိုးစု အဓိက ထိခိုက်နေတာ ဖြစ်ပြီး မိုးဆက်ရွာမယ်ဆိုရင် ရေဆက်တက်ဦးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ အခုလို ဖြစ်ပွားနေတဲ့ ပဲခူးတိုင်းဒေသကြီး အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ သြဂုတ်လ ၃ ရက် နေ့လယ်မတိုင်ခင် နေရာကွက် မိုးကြီးနိုင်တယ်လို့ သြဂုတ်လ ၂ ရက်နေ့ ည ၇ နာရီမှာ ကြေညာချက် ထုတ်ထားပါတယ်။