ကလေးဝမြို့က ကျောက်မီးသွေးတွင်းမှာ အောက်ဆီဂျင်ပြတ်ပြီး ၅ဦး သေဆုံး

Image caption စစ်ကိုင်းဒေသကြီး အနောက်မြောက်ပိုင်း မိုင်းတွင်းရှိရာ ကလေးဝမြို့

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက် ကျောက်မီးသွေးတွင်း ဒေသ၊ ထွန်းသွင် ကျောက်မီးသွေးတွင်းမှာ သြဂုတ်လ ၂ ရက် ည ၉ နာရီဝန်းကျင်က မိုင်းလုပ်သား ၅ ဦး အောက်ဆီဂျင် ပြတ်လို့ ပြန်မထွက်မလာနိုင်ဘဲ ပိတ်မိရာကနေ သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ တရုတ်နိုင်ငံသား ကျွမ်းကျင်လုပ်သား ၁ ဦးနဲ့ မြန်မာနိုင်ငံသား မိုင်းအလုပ်သမား ၄ ဦးတို့ ဖြစ်တယ်လို့ ကလေးဝ မြို့ခံအချို့နဲ့ သစ်ချောက် ကျေးရွာက ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

မြေအောက် ကျောက်မီးသွေး တူးဖော်ရေး ဥမင်အတွင်း သဘာဝယိုစိမ့် ဓာတ်ငွေ့တွေကနေ မီးလောင် ပေါက်ကွဲမှု တခု ဖြစ်ပေါ်ခဲ့ရာကနေ အောက်ဆီဂျင်ပိုက် ပြတ်တောက်သွားခဲ့တာလို့ သိရပါတယ်။

"သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်တဲ့ မြန်မာနိုင်ငံသားပိုင် ထွန်းသွင် အကြီးစား သတ္တု တူးဖော်ရေး ကုမ္ပဏီရဲ့ လက်ခွဲ ရွှေပေါက်ပေါက် ကုမ္ပဏီရဲ့ မိုင်းတွင်းမှာ ဖြစ်တာ။ ဒါနဲ့ ပတ်သက်ပြီး လေပိုက် ပြုတ်လို့ ပေါ့ဆမှုကြောင့် ဖြစ်တာဆိုတော့ မိုင်းစည်းကမ်းတွေ ရှိပါတယ်။ သတ္တုတွင်း ဝန်ကြီးဌာနက စာချုပ်ပါ စည်းကမ်းတွေ အတိုင်း အရေးယူ ဆောင်ရွက်ပါလိမ့်မယ်"လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေတဲ့ လုပ်သားတွေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့သူ အလုပ်သမား ၄ ဦးလည်း အသက်ရှူကြပ်တဲ့ ဝေဒနာနဲ့ ဆေးရုံ တင်ပို့ခဲ့ရပေမယ့် အခု သက်သာသွားပြီလို့ သိရပါတယ်။

" ကျောက်မီးသွေး မိုင်းတွေရဲ့ သဘောက ဟိုးမြေကြီး အနက်ထဲက လှိုဏ်ခေါင်းထဲကို ဆင်းရတာ ဖြစ်တဲ့ အတွက် အောက်မှာ အောက်ဆီဂျင်မရှိဘူး။ လေပိုက်တွေနဲ့ အောက်ဆီဂျင် ပေးရတာပေါ့။ အဲဒီ အောက်ဆီဂျင် ပေးတဲ့နေရာမှာ ပြဿနာ ရှိသွားတာ ဖြစ်ဖို့ များတယ်။ အဲဒီ မိုင်းတွေမှာက တဆိုင်းကို ၅ ယောက်စီ ရှိတယ်။ ၅ ယောက် ဆင်းပြီး ၅ ယောက် ပြန်တက်ပေါ့။ ပထမ ဆင်းသွားတဲ့ ၅ ယောက်က ပြန်တက်လာချိန် တိုင်ပေမယ့် တက်မလာလို့ နောက်က လိုက်ဆင်းကယ်တဲ့ အဖွဲ့က လမ်းတဝက်မှာ အောက်ဆီဂျင် မရှိလို့ မူးလဲသွားတာ ။သူတို့ကိုတော့ အပေါ်က ပြန်ဆွဲတင်နိုင်ပြီး အခု ဆေးရုံမှာ အောက်ဆီဂျင် ပြန်ပေးတော့ သက်သာနေပြီ" လို့ ပြန်လွတ်လာတဲ့ မိုင်းအလုပ်သမားတွေကို မနက်က ဆေးရုံမှာ သွားတွေ့ပြီး ပြန်လာတဲ့ ကလေးဝ မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SAGAING REGIONAL GOVERNMENT
Image caption မိုင်းလုပ်သားတွေပိတ်မိနေတဲ့ မိုင်းတွင်း

မိုင်းလုပ်သားတွေ ပိတ်မိနေတဲ့ အဆိုပါ မိုင်းတွင်းနေရာမှာ တရားဝင် လုပ်ကွက်ပေါင်း ၁၀ ခုကျော်ရှိပြီး အဲဒီနေရာဟာ မြို့နဲ့ အလှမ်းဝေးပြီး အနီးဆုံး ကျေးရွာတွေနဲ့တောင် ၁၀ မိုင်နီးပါးလောက် ဝေးတယ်လို့ သိရပါတယ်။

" အဲဒီမိုင်းတွင်းတွေ ရှိတဲ့နေရာက တောထဲမှာ ရှိပြီး ရွာတွေနဲ့လည်း အလှမ်းဝေးတယ်။ အဲဒီမှာ ဖုန်းလိုင်း လည်းမမိဘူး၊ ဆက်သွယ်လို့ မရဘူး။ လမ်းကလည်း တအားကြမ်းတော့ သစ်ချောက်ရွာကနေ သွားမယ် ဆိုရင်တောင် အသွားကိုတောင် အနည်းဆုံး တနာရီခွဲလောက် ကြာတယ်။ ပြန်ကယ်ထုတ် နိုင်ရင်တောင် ဆေးရုံ ချက်ချင်း ရောက်ဖို့ မလွယ်ဘူး" လို့ သစ်ချောက် ကျေးရွာသား တဦးဖြစ်တဲ့ ကိုကံကောင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ မိုင်းတွင်းမှာ အရင်ကလည်း အခုလို တဦးစ နှစ်ဦးစ ပိတ်မိခဲ့တာမျိုး ရှိခဲ့ဖူးပြီး ပိတ်မိသူတွေကို အသက်ရှင်ရက် ကယ်တင်ခဲ့နိုင်တာမျိုး မရှိသလောက် နည်းပါးတယ်လို့ ကလေးဝ မြို့ခံတချို့က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ