ရိုဟင်ဂျာနဲ့ တပ်မတော် ကိစ္စတွေ ဆွေးနွေးမယ့် ဘားမားစတာဒီ ကွန်ဖရင့် စတင်

ဓာတ်ပုံ မူပိုင် Center for Burma Studies
Image caption မြန်မာ့အရေး ကိစ္စတွေ လွတ်လပ်စွာ လေ့လာတင်ပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မြောက်အီလီနွိုင်း တက္ကသိုလ်နဲ့ ယိုးဒယား အသင်း စတဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့တွေ ပူးပေါင်းပြီး မြန်မာ့အရေး ဆွေးနွေးပွဲကို သြဂုတ်လ ၃ ရက်က စတင် ကျင်းပနေပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကိစ္စတော်တော်များများ ဆွေးနွေးမှာ ဖြစ်ပြီး ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ရိုဟင်ဂျာ ကိစ္စကနေ တပ်မတော် အရေး၊ လူမျိုးစု လက်နက်ကိုင်တွေ ကိစ္စ၊ ယဉ်ကျေးမှု ဘာသာရေးနဲ့ လူမှုစီးပွားရေး ဘက်ပေါင်းစုံကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အစက ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ် ၇ဝ ပြည့် အဖြစ် မန္တလေးမြို့မှာ ကျင်းပဖို့ စဉ်းစားခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

အမေရိကန် နိုင်ငံ ချီကာဂို မြို့နားက မြောက်အီလီနွိုင်း တက္ကသိုလ်မှာ မြန်မာရေးရာ လေ့လာတဲ့ ဌာနတခု ၁၉၈၇ က စတင် ဖွင့်လှစ်ခဲ့ပြီး အဲဒီ ဌာနကနေ ဒီဆွေးနွေးပွဲတွေကို နှစ်နှစ်တကြိမ် ကျင်းပနေတာ ဖြစ်ပါတယ်။

အမေရိက၊ ဥရောပနဲ့ စင်္ကာပူမှာ အရင်က ကျင်းပခဲ့ပေမယ့် မြန်မာနိုင်ငံထဲမှာတော့ တခါမှ မကျင်းပသေးပါဘူး။

ဓာတ်ပုံ မူပိုင် Center for Burma Studies
Image caption အမေရိကန်မှာ ကျင်းပတဲ့ မြန်မာအရေး ဆွေးနွေးပွဲ

ဝေးကွာသော အတိတ်၊ နောက်ဆုံးပေါ် သတင်း မြန်မာပြည်ဆိုင်ရာ ပညာရှင်တို့ရဲ့ အတွေးအမြင်များ ခေါင်းစဉ်နဲ့ ဒီနှစ် ဆွေးနွေးပွဲမှာ အဖွင့်စကားပြောမယ့်သူတွေထဲ မြန်မာ နှစ်ဦးပါပါတယ်။

သူတို့ကတော့ စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး ဌာနက သုတေသီ ဒေါ်မိုးသူဇာနဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ မျိုးသန့်တို့ ဖြစ်ပါတယ်။

ဒေါ်မိုးသူဇာဟာ စစ်အစိုးရခေတ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးအုန်းဂျော်ရဲ့ သမီးလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပိတ်ရက်မှာတော့ မျက်မှောက်ရေးရာ စားပွဲဝိုင်း ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ရှောင်တာနဲနဲ့ ဦးကိုကိုလှိုင် စတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံသားပေးရေး တောင်းဆိုနေကြတဲ့ ရိုဟင်ဂျာများ

ရိုဟင်ဂျာ ကိစ္စ ဆွေးနွေးမယ့် အစီအစဉ်မှာတော့ နိုင်ငံသား ဖြစ်မှုမှာ ထည့်သွင်း ချန်လှပ်ခံရတဲ့ ကိစ္စတွေ ပါသလို ဦးဖိုးကျားရဲ့ ကိုယ်တွေ့ ဝတ္ထုတွေထဲက ဘင်္ဂါလီ အသုံးအနှုန်းကနေ ကနေ့ခေတ် ရိုဟင်ဂျာ အသုံးအနှုန်းထိ စာပေတွေမှာ ဖော်ပြတဲ့ လူမျိုးရေး သရုပ်ဖော်မှုတွေလည်း ပါပါတယ်။

မြန်မာ အမျိုးသမီးတွေ အကြောင်း ဆွေးနွေးတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ