ကျိုက်မရောရေဘေး သေဆုံးသူ ၃ ဦးရှိ

ဓာတ်ပုံ မူပိုင် Saw Chit Than
Image caption ကျိုက်မရောမြို့က ရေဘေးကြုံနေရသူများ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့မှာ ရေဘေးကြောင့် သေဆုံးသူ ၃ ဦး ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

၉ ပေကျော် ရေနစ်မြှုပ်နေတဲ့ လယ်ကွင်းတွေကနေ လှေနဲ့ဖြတ်သွားရင်း သြဂုတ်လ ၁ ရက်က ရွာခံတစ်ဦး လှေပေါ်ကပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၃ ရက်မှာလည်း လှေမှောက်လို့ ဇနီးမောင်နှံ ၂ ဦးလုံး ရေနစ်သေဆုံးခဲ့တယ်လို့ သူတို့တွေက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက် ကစတင်ပြီး အတ္တရံမြစ်ရေ မြင့်တက်လာလို့ ကျေးရွာအုပ်စု ၂၃ အုပ်စုက ကျေးရွာတွေ ရေနစ်မြှုပ်နေပါတယ်။

ရေဘေးသင့်သူလည်း ၂ သောင်း ၅ ထောင်နီးပါး ရှိလာပြီး ရေဘေးရှောင်စခန်း ၄ ခု ဖွင့်ထားရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Saw Chit Than
Image caption ကျိုက်မရောမြို့ရေဘေး

ရေဘေးသင့်သူတွေမှာ ကျိုက်မရောမြို့မှာ ကျောက်မိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ထောင် နီးပါးလည်း ရေးဘေးကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျိုက်မရောမြို့မှာ အခုလိုမြစ်ရေတက်လို့ ရေဘေးကြုံရခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလပိုင်းတွေမှာ မိုးသည်းထန် ရွာသွန်းတာရယ် ထိုင်းနိုင်ငံဘက်က မြစ်ဖျားခံစီးဆင်းလာတဲ့ ဇမိချောင်းနဲ့ ဝန်းယော်ချောင်းထဲကို တောင်ကျရေတွေ စီဆင်းမှုများချိန် သံလွင်မြစ်ထဲ စီးဝင်တဲ့ အတ္တရံမြစ်ရေကလည်း ပြန်မကျဘဲ တန့်နေလို့ ရေဘေးကြုံတာ ရက်ကြာရှည်နေတာလို့ ကျိုက်မရောမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောပါတယ်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့မှာလည်း ကျေးရွာအုပ်စု ၁၈ အုပ်စု ကျေးရွာပေါင်း ၃၀ ရွာက လူဦးရေ ၁၅၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ သထုံမြို့နယ် ရေဘေးကယ်ဆယ်ရေး ကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။

ရေဘေးသင့်တဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေလို့ ရေလမ်းတစ်ခုပဲရှိပြီး ရေဘေးကြုံနေရတဲ့ ရွာခံတွေအနေနဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ မလာရောက်နိုင်ဘူးလို့ သထုံမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Khaing Khaing Leh
Image caption သထုံမြို့က ရေဘေးကြုံနေရတဲ့ကျေးရွာများ

ရွာတွေမှာ ရေဘေးကြုံနေကြတဲ့ ရွာခံတွေအတွက် နေရေးထိုင်ရေး အခက်အခဲတွေ ရှိနေသလို ရေတွင်းရေကန်တွေလည်း ရေမြှုပ်နေလို့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေရတယ်လို့ ရွာခံတွေက ပြောပါတယ်။

ရေနစ်မြှုပ် ကျေးရွာတွေဆီ သက်ဆိုင်ရာက လှေတွေနဲ့ အစားအသောက် ရိက္ခာနဲ့ ပေးပို့နေရပြီး ရေသန့်တွေ ပေးပို့နေပေမယ့် ရေတွေကကျဆင်းမှု မရှိသေးလို့ အကူအညီတွေ လိုအပ်နေသေးတယ်လို့ ရေဘေးကယ်ဆယ်ရေး ကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။