ကရင်ပြည်နယ်က ရေဘေးသင့်သူတွေ ရိက္ခာ အခက်အခဲရှိ

ဓာတ်ပုံ မူပိုင် Aye Mya Mya Myo Facebook
Image caption ရေ သုံးပေ လောက်အထိ ပြန်ကျသွားပေမယ့် နေအိမ်တွေမှာ ပြန်လည် နေထိုင်လို့ရတဲ့ အခြေအနေ မရှိသေး

ကရင်ပြည်နယ်အတွင်းက ရေဘေးဒုက္ခရောက်နေတဲ့ နေရာတွေထဲမှာ သတင်းမရတဲ့အတွက် ကျေးရွာအုပ်စု တခုလုံးအထိ ရိက္ခာ မရောက်တဲ့ နေရာတွေ ရှိနေပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေး စခန်းတွေကို ရောက်မလာနိုင်ဘဲ ရေလွှမ်းနေတဲ့ နေရာမှာပဲ လင့်စင်ထိုး နေရသူတွေလည်း ရှိပြီး ရေရှည်မှာ ရိက္ခာရနေဖို့ အခက်အခဲ ဖြစ်နေတယ်လို့လည်း ကရင်ပြည်နယ် လူငယ် မောင်မယ်များ ပရဟိတ အဖွဲ့ဝင် ဦးအောင်မိုးက ဘီဘီစီကို ပြောပါတယ်။

အခုလို ဖြစ်နေတဲ့ နေရာတွေမှာ တာဝန်ယူထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဆင့်ဆင့် သတင်းပေးပို့မှု ရှိရင်တော့ ရောက်အောင်သွားပြီး ရိက္ခာ အကူအညီ ပေးနေတယ်လို့ ဦးအောင်မိုးက ပြောပါတယ်။

ဖာပွန်နဲ့ ကမမောင်းဘက်က ရေဘေးဒုက္ခသည် စခန်းတွေမှာလည်း ရေရှည် အတွက် စားနပ်ရိက္ခာ မလုံလောက်ပဲ ပြတ်တောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဘားအံမြို့နဲ့ တကွ ပြည်နယ်တွင်း ရေကြီးနေတဲ့ နေရာတွေမှာ ရေ သုံးပေ လောက်အထိ ပြန်ကျသွားပေမယ့် နေအိမ်တွေမှာ ပြန်လည် နေထိုင်လို့ရတဲ့ အခြေအနေ မရှိသေးတဲ့အတွက် ကယ်ဆယ်ရေး စခန်းတွေမှာပဲ ဆက်လက် နေထိုင်နေရပြီး တချို့နေရာတွေမှာတော့ အိမ်တွေ၊ ရွာတွေ လုံးဝ ရေမြုပ်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar/Phyo Wai Sett
Image caption ဘားအံလို မြို့ကြီးတွေမှာပါ ခေါက်ဆွဲခြောက်လို တာရှည်ခံတဲ့ အစားအသောက်တွေ အလုံအလောက် မရှိပဲ ပြတ်တောက်နေ

အခုလို ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေရတဲ့ ရေဘေးဒုက္ခသည်တွေ အနေနဲ့ လူအရေအတွက် များတဲ့အတွက် တအိမ်ထောင်ကို ရိက္ခာ ၃ ရက်စာ လောက်သာ ကြိုတင် ရရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဘားအံလို မြို့ကြီးတွေမှာပါ ခေါက်ဆွဲခြောက်လို တာရှည်ခံတဲ့ အစားအသောက်တွေ အလုံအလောက် မရှိပဲ ပြတ်တောက်နေတဲ့အတွက် နောက်ထပ် မိုးကြီးပြီး ရေပြန်တက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ အခုလို အခက်အခဲတွေ ရှိနေတဲ့ ကရင်ပြည်နယ်နဲ့တကွ တခြား ရေကြီးနေတဲ့ နေရာတွေ ဖြစ်တဲ့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ သြဂုတ်လ ၅ ရက် မွန်းမတည့်မီ အချိန်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သြဂုတ်လ ၄ ရက်နေ့ ည ၇ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption သံလွင်မြစ်ရေဟာလည်း ယခင်ရက်တွေကထက် ရေကျသွားပေမယ့် စိုးရိမ်ရေမှတ် ၂၄ ပေ ထက် ၄ ပေလောက် ကျော်နေဆဲ ဖြစ်ပါတယ်

ကရင်ပြည်နယ်အတွင်းက သံလွင်မြစ်ရေဟာလည်း ယခင်ရက်တွေကထက် ရေကျသွားပေမယ့် စိုးရိမ်ရေမှတ် ၂၄ ပေ ထက် ၄ ပေလောက် ကျော်နေဆဲ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးကြီးမှုကြောင့် ရေဘေးဒဏ် ခံနေရတာ ၂ ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပြီး ပြည်နယ်တဝန်းက ကယ်ဆယ်ရေး စခန်း ၆၀ ကျော်မှာ ရေဘေးဒုက္ခသည် နှစ်သောင်းကျော် ရောက်ရှိနေတာ ဖြစ်ပါတယ်။