ဗီဇာအတုနဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို ထိုင်းဖမ်းဆီး

ဓာတ်ပုံ မူပိုင် AFP

မြန်မာနိုင်ငံကနေ သွားရောက်လည်ပတ်တဲ့သူ ၁၀၀ ကျော်ကို ဗီဇာအတုနဲ့ လာတယ် ဆိုပြီး ထိုင်းနိုင်ငံ တာဝန်ရှိတဲ့သူတွေက ဖမ်းဆီးထားပါတယ်။

အခု အဖမ်းခံရတဲ့သူတွေက ပွဲစားတွေကနေ ဖန်တီးပေးလိုက်တဲ့ ဗီဇာ အတုတွေကြောင့် ပြဿနာ ကြုံနေရတာ ဖြစ်တယ်ဆိုပြီး ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ အဖွဲ့ချုပ်ရုံးက ဥပဒေ အကြံပေး အဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းအခြေစိုက် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေဟာ ဗီဇာအတု ကိုယ်တိုင်ပြုလုပ်တဲ့သူတွေ မဟုတ်ဘဲ ပွဲစားတွေကြောင့် ဓားစာခံ ဖြစ်ကြရတာ လို့လည်း သူက ဆိုပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ ထိုင်းသံရုံးမှာ ကပ်ခွာ ဗီဇာ စာရွက်ကုန်သွားတဲ့ အတွက် မတ်လ ၁၅ ရက်ကနေ ဇွန် ၂၆ ရက် အတွင်း ရက်ရှည် ဗီဇာ လျှောက်လာသူတွေကို တံဆိပ်တုံးထုပြီး ဗီဇာတွေ ထုတ်ပေး နေခဲ့ပါတယ်။

အဲဒီကာလတုန်းက သံရုံးမှာ ကိုယ်တိုင် တိုက်ရိုက် ဗီဇာ လျှောက်တာမျိုး မလုပ်ဘဲ ကြားပွဲစား သုံးခဲ့သူတွေ အခုလိုမျိုး ဗီဇာတု ပြဿနာမျိုး ဖြစ်လာခဲ့တာပါ။

ပွဲစားတချို့က ထိုင်းဗီဇာ လျှောက်ထားတဲ့ သူတွေကို ဗီဇာ တံဆိပ်တုံး အတုတွေနဲ့ ရိုက်နှက် ပေးခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံထဲမှာလည်း သက်ဆိုင်ရာ တာဝန် ရှိသူတွေက ဗီဇာအတု လုပ်တဲ့ ပွဲစားတွေကို အရေးယူနေတယ်ဆိုတဲ့ သတင်း ကြားနေရတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒါ့ကြောင့် မြန်မာ အစိုးရဘက်ကသာ ပွဲစားကြောင့် ဖြစ်ရတဲ့ ဗီဇာအတု ပြဿနာကို ထိုင်းဘက်ကို အသိပေးလာမယ် ဆိုရင် ထိုင်းမှာ ဖမ်းဆီး ခံထားရတဲ့သူတွေ အတွက် အကူအညီ ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၆၅ အရ အစိုးရ စာရွက်စာတမ်းကို အတုပြုလုပ်ရင် ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပိုပြီး ကြီးလေးတဲ့ ပုဒ်မတွေ တပ်ပြီး ထိုင်း အာဏာပိုင်တွေက အရေးယူ ထားတာ ဖြစ်ပါတယ်။

အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ အပြစ်ပေးနိုင်တဲ့ အီလက်ထရောနစ်ကဒ် အသုံးအဆောင်ကို ပြုပြင်၊ ပြင်ဆင်၊ ဖြည့်စွက်တဲ့ ဥပဒေ ပုဒ်မ ၂၆၉/၃နဲ့ စွဲထားတာ ဖြစ်တဲ့အတွက် အင်မတန် နစ်နာရတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က မှတ်ချက်ချပါတယ်။

ထိုင်းနိုင်ငံက ရဲမှူးကြီးကလည်း ဗီဇာ ကပ်ခွာကုန်လို့ တံဆိပ်တုံး ထုရိုက်ရတယ် ဆိုတာကို ထုတ်ပြန်ထားပြီး ပွဲစားတွေ လုပ်ပေးနေတဲ့ ဗီဇာ အတုမှာ Jaturon အစား Jatuturon၊ Utilized အစား Ulilizedလို့ မှားနေသလို ဂဋ္ဌုန်ရုပ်ပါ ထိုင်းတံဆိပ်က လည်း အတိုအရှည် မညီတာ တွေ့ရတယ်လို့ ဆိုပါတယ်။