သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Khin Mg Win ( Shwe Inn Thar )
Image caption ရန်ကုန်တက္ကသိုလ်ထဲက ၈လေးလုံး အထိမ်းအမှတ် အမှတ်အသား

(၁) ဆန္ဒပြပွဲတွေဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ အမေရိကန်သံတမန်တွေကို တင်ဆောင်လာတဲ့ ယာဉ်တန်းဟာ စနေနေ့ညက သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ အမေရိကန်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မာစီယာ ဘာနီကတ်နဲ့ သူမရဲ့ လုံခြုံရေးအဖွဲ့ကတော့ တိုက်ခိုက်မှုအကြားမှာ တစုံတရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ယာဉ်တန်းမှာပါတဲ့ ကားနှစ်စီးကတော့ ပျက်စီးခဲ့ပါတယ်။

မြို့တော်ဒါကာမှာတော့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေရဲ့ တပတ်ကျော် ကြာမြင့်တဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာပါ။

အာဏာရပါတီရဲ့ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့နီးစပ်တဲ့ ကျောင်းသားတွေက ယာဉ်အန္တာရာယ်ကင်းရှင်းရေးနဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ ကျောင်းသား နှစ်ဦးအတွက် တရားမျှတရေး တောင်းဆိုနေတဲ့ ကျောင်းသားတွေကို ရိုက်နှက်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

(၂) ရိုက်တာ သတင်းထောက်တွေကို တရားစွဲဆိုထားမှုကို သြဂုတ်လ ၆ရက်နေ့က အင်းစိန်တရားရုံးမှာ တရားခွင် စစ်ဆေးမှုကို ဆက်လက်ပြုလုပ်ခဲ့ရာမှာ ရိုက်တာ သတင်းထောက်တွေဘက်က သက်သေလိုက်ပေးတဲ့ သတင်းစာပညာသင်တန်းဆရာ ဦးရဲနိုင်မိုး နဲ့ ကိုသန့်ဇင်စိုးတို့ဟာ သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦး တို့ရဲ့ စာရိတ္တပိုင်းနဲ့ ပတ်သက်လို့ သက်သေအဖြစ် ထွက်ဆိုခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကလည်း ရိုက်တာသတင်းထောက်တွေကို ချက်ခြင်းလွှတ်ပေးဖို့ သြဂုတ် ၅ ရက်က တောင်းဆိုခဲ့ပါတယ်။

(၃) တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီမှာ သြဂုတ်လ ၅ ရက်နေ့က လုပ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ စစ်တပ်တို့အကြား ဆွေးနွေးပွဲမှာတော့ တနာရီခွဲကြာမြင့်အောင်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲရလဒ်တွေကို နှစ်ဘက်ညှိနှိုင်းပြီးမှ မီဒီယာကို ထုတ်ပြန်မယ်လို့ ကေအိုင်အေ ဘက်က ပြောကြား ပြည်တွင်းသတင်းအချို့မှာ ဖော်ပြထားပါတယ်။ ကေအိုင်အေနဲ့ နီးစပ်သူကတော့ ဆွေးနွေးပွဲဟာ ဆွေးနွေးပွဲဖြစ်တယ်ဆိုရုံမျှသာ အခြေအနေဖြစ်ပြီး သဘောတူညီချက် ကြီးကြီးမားမား ရယူနိုင်တာ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

(၄) ရေကြီး ရေလွှမ်းမိုးတွေဖြစ်ခဲ့ ကရင်ပြည်နယ်မှာတော့ ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀ ဦး ရှိလာပါပြီ။ သြဂုတ်လ ၅ ရက်နေ့ကလည်း အမှတ် ၉ ရပ်ကွက် ဝါဆိုကြီး ဘုန်းကြီးကျောင်းအနောက်ဘက် ရေစီးသန်တဲ့နေရာကို လူ တစုဖြတ်ကူးစဉ် ၂ ဦးဟာ ရေထဲမျှောပါသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Sann Oo Hpa-an
Image caption ရေဘေးဒဏ်သင့် ကေအန်ယူ တပ်မဟာ ၁ အုပ်ချုပ်နယ်မြေတွေကို အလှူရှင်တွေက မျိုးစေ့တွေ သွားရောက်ဖြန့်ဝေ

အသက် ၄၀ အရွယ်ဦးခေါင်းပြားဆိုသူ ရေထဲမျှောပါသွားသူရဲ့ အလောင်းကိုတော့ ပြန်လည်တွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ ဘားအံအခြေစိုက် သတင်းထောက် တဦးဖြစ်တဲ့ စောကျော်ဆန်းဦးက ဘီဘီစီကို ပြောပါတယ်။

(၅) စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအနီး ကလေး-ကလေးဝ ကားလမ်းဘေးရှိ ၂၇၅ ပေရှိတဲ့ မြစ်သာမြစ် ကမ်းထိန်းနံရံသည် တည်ဆောက်ပြီး ၇ လအကြာ ဇူလိုင် ၅ ရက်က စတင်ပြီး ပေ ၁၀ဝ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ ကလေးဝမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

(၆) ၂၁ ပင်လုံအစည်းအဝေးတွေမှာ တင်ပြဖို့အပါအဝင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပြည်နယ်အလိုက် အခြေခံ ဥပဒေတွေ ရေးဆွဲနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေဘက်က ပြင်ဆင်နေရာမှာ ရှမ်းပြည် အခြေခံ ဥပဒေရေးဆွဲဖို့ ရှမ်းအင်အားစုတွေ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးနေပါတယ်၊

ဓာတ်ပုံ မူပိုင် US Embassy
Image caption တိုက်ခိုက်ခံရမှုကနေ လွတ်မြောက်ခဲ့တဲ့ အမေရိကန်သံအမတ် မစ္စ ဘာနီကတ်

(၇) စစ်တွေ ကယ်ဆယ်ရေးစခန်းကနေ မောင်တောမြို့နယ်က မိမိတို့ရွာကို ပြန်လာတဲ့ မရမာကြီး လူနည်းစု တိုင်းရင်းသားတွေဟာ တစ်နှစ်နီးပါး ရှိနေကြပေမယ့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြတယ်လို့ သိရပါတယ်။ မရမာကြီးတိုင်းရင်းသားလူမျိုးဆိုတာက ရခိုင်မျိုးနွယ်စုထဲမှာ ပါဝင်ပြီး လူနည်းစု တိုင်းရင်းသား လူမျိုးစု တစ်ခု ဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာ နေထိုင်တဲ့ မရာမာကြီး လူမျိုးတွေဟာ ၂၀၁၇ သြဂုတ်လမှာ မောင်တောမှာအရေးအခင်း ဖြစ်တော့ အိုးအိမ်တွေကို စွန့်ခွာပြီး စစ်တွေမြို့ ကယ်ဆယ်ရေး စခန်းတွေထိ ထွက်ပြေးခိုလုံခဲ့ကြရပါတယ်။

အဲဒီကနေ အစိုးရ အစီအစဉ်နဲ့ မောင်တောမြို့နယ်ကို ပြန်လာကြပေမယ့် တစ်နှစ်နီးပါးရှိနေပြီ ဖြစ်ပေမယ့် နေထိုင်စရာအိမ်မရမှု ခွဲဝေပေးတဲ့ ရိက္ခာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မောင်တောကို ပြောင်းရွှေ့လာတဲ့ မရမာကြီး တိုင်းရင်းသားအချို့က ဘီဘီစီကို ပြောပါတယ်။

(၈) သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မဲ့ ၈ လေးလုံး လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ပြခန်းဖွင့်ပဲနဲ့ နှစ် ၃၀ နိုင်ငံရေးဆွေးနွေးပွဲကို သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းကစလို့ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှာ ကျင်းပနေပါတယ်။

Image caption မောင်တောမြို့

ဆက်စပ် အကြောင်းအရာများ