ရိုက်တာ သတင်းထောက်တွေရဲ့ သက်သေအားလုံး ကြားနာ ပြီးစီး

ရိုက်တာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

သြဂုတ်လ ၂၀ ရက်နေ့မှာ လုပ်မယ့် ရုံးချိန်းမှာ အမှုအတွက် နှစ်ဖက် လျှောက်လဲချက်တွေ ပေးတော့မယ်

ရိုက်တာ သတင်းထောက် ၂ ယောက် အမှုမှာ သတင်းထောက်တွေဘက်က စစ်ဆေးဖို့ ကျန်ရှိနေတဲ့ သက်သေ ၂ ဦးကို စစ်ဆေး ပြီးစီးသွားတဲ့အတွက် သြဂုတ်လ ၂၀ ရက်နေ့မှာ လုပ်မယ့် ရုံးချိန်းမှာ အမှုအတွက် နှစ်ဖက် လျှောက်လဲချက်တွေ ပေးတော့မယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေတဦးက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရန်ကုန်သတင်းစာ ပညာသင်ကျောင်း တည်ထောင်သူ ဦးရဲနိုင်မိုးနဲ့ ပုံပြောသူများအဖွဲ့က ဦးသန့်စင်စိုးတို့က ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဘက်က သက်သေအဖြစ် ထွက်ဆိုသွားတာ ဖြစ်ပါတယ်။

အဲဒီ ရိုက်တာ သတင်းထောက် ၂ ယောက်စလုံးဟာ အခုလို သက်သေအဖြစ် ထွက်ဆို အစစ်ခံခဲ့သူ တဦးဖြစ်တဲ့ ဦးရဲနိုင်မိုးရဲ့ သတင်းစာ ပညာသင်ကျောင်းမှာ ပညာသင်ယူခဲ့သူတွေ ဖြစ်တယ်လို့ ဒီသတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

သတင်းထောက် ၂ ယောက်စလုံးဟာ သက်သေ အစစ်ခံခဲ့သူ ဦးရဲနိုင်မိုးရဲ့ သတင်းစာ ပညာသင်ကျောင်းမှာ ပညာသင်ယူခဲ့သူတွေ ဖြစ်

အဲဒီ သတင်းထောက် ၂ ဦးစလုံးဟာ သတင်းသမားဘဝနဲ့ လူထု အကျိုးပြု သတင်းဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပြီး အကျင့်စာရိတ္တ ပြည့်စုံတဲ့ သတင်းသမားတွေ ဖြစ်ကြောင်း ဦးရဲနိုင်မိုးက ထွက်ဆိုခဲ့တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။

နောက်ထပ် သက်သေထွက်ဆိုခဲ့သူ ဦးသန့်ဇင်စိုးကလည်း အလားတူပဲ ဒီသတင်းထောက် ၂ ယောက်နဲ့ အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး သူတို့နဲ့ အတူ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြောင်း သက်သေ ထွက်ဆိုသွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီ သတင်းထောက် ၂ ဦး အဖမ်းမခံရခင်မှာ သူတို့ကို ဖုန်းဆက် ခေါ်ခဲ့တဲ့ ဒုတပ်ကြပ် နိုင်လင်းကို သွားရောက် တွေ့ဆုံဖို့ ကားမောင်းပို့ပေးခဲ့တဲ့ ယာဉ်မောင်း ကိုမျိုးသန့်ထွန်းကို သတင်းထောက်တွေဘက်က သက်သေအဖြစ် ပြီးခဲ့တဲ့ ရုံးချိန်းမှာ စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

နောက်ထပ် သတင်းထောက်တွေဘက်က သက်သေတဦးကတော့ ခရီးလွန်နေလို့ မလာဖြစ်ပဲ သက်သေ အဖြစ်က ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက တွေ့ဆုံခဲ့ပြီး ရိုက်တာ သတင်းထောက် ၂ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့

ဒီအမှုမှာ စွဲချက်တင်တဲ့ အစိုးရဘက်က သက်သေ ၂၃ ဦး ကို ယခင် ရုံးချိန်းတွေမှာ စစ်ဆေးခဲ့တာ ဖြစ်ပြီး ယခု ၃၁ ကြိမ်မြောက် ရုံးချိန်းမှာတော့ နှစ်ဖက် သက်သေတွေ အားလုံး စစ်ဆေးပြီးသွားတဲ့အတွက် နောက်တကြိမ် ရုံးချိန်းအတွင်း နှစ်ဖက် လျှောက်လဲချက်တွေကို တရားရုံးက အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့မှာတော့ စင်္ကာပူနိုင်ငံမှာ အာဆီယံ အစည်းအဝေး တက်ရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက တွေ့ဆုံခဲ့ပြီး ဒီ သတင်းထောက် ၂ ယောက် အရေးကို စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဗီဒီယို ပုံစာ,

ရိုက်တာသတင်းထောက်တွေအမှုမှာ ဒုရဲမှူးကို သက်သေအဖြစ် ဆက်လက်စစ်ဆေးမယ်