ကြားဖြတ်ရွေးကောက်ပွဲမှာ NLDက ၁၃ ယောက်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၁ဝယောက် ၀င်ပြိုင်မယ်

ဓာတ်ပုံ မူပိုင် UEC Facebok
Image caption ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပြားများ ရေတွက်နေပုံ

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားလာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ် ၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြလာတဲ့ ပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ယောက် စုစုပေါင်းကိုယ်စားလှယ် ၆၉ ယောက်ကို ခွင့်ပြုပေးလိုက်တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း မှတ်ပုံတင်ခွင့်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီ ၅ ပါတီက ကိုယ်စားလှယ်တွေလည်း ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတယ်လို့လည်း ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိ NLD အစိုးရလက်ထက်မှာ ဒုတိယအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် UEC Facebook
Image caption ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပြီ

ဥပဒေ ၊ နည်းဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ ဖြစ်ပြီး သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ကိုက်ညီတာ တွေ့ရလို့ ကိုယ်စားလှယ်လောင်းတွေကို အသိအမှတ် ပြုလိုက်တာ ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ ပါတီတွေက နာမယ် စာရင်းတွေ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းနဲ့ မဲဆွယ်ကာလ ကြေညာပြီးရင် မဲဆွယ်မှုတွေ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်လောင်း ၁၃ ယောက်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၁၀ ဦးက အများဆုံး ယှဉ်ပြိုင်တာ ဖြစ်တယ်လို့လည်း ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲ ဆန္ဒနယ်က ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၇ နေရာ၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အတွက် ၁ နေရာတို့ ဖြစ်ပါတယ်။

သူတို့အနေနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ် အတည်ပြုပြီးပြီ ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နယ်မြေ ဒေသ အလိုက် အောင်နိုင်ရေး ကော်မတီ ဖွဲ့စည်းမှာ ဖြစ်ကြောင်း ၊ အဓိကကတော့ ဒေသခံတွေ ယုံကြည်စွာ မဲပေးနိုင်ရေး အတွက် ဥပဒေနဲ့ အညီ မဲဆွယ်ကာလမှာ မဲဆွယ်နိုင်အောင် စီစဉ်ထားကြောင်း ၊ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ် ရတဲ့ ရည်ရွယ်ချက်ကလဲ ဒေသခံ ပြည်သူ လူထုရဲ့ ဆန္ဒကို လေးစားသော အားဖြင့် ၀င်ပြိုင်တာ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ပါတီကိုယ်စားလှယ်လောင်းတွေက မိမိတို့ပါတီ အနိုင်ရရှိဖို့အတွက် မဲဆွယ်စည်းရုံး ဟောပြောခွင့်ကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၃ ရက် မတိုင်ခင် ရက် ၆၀ အတွင်း လုပ်ဆောင်ရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ