ရခိုင်အရေး အကြံပြုချက်ပါ နိုင်ငံသား ဖြစ်ရေး ကိစ္စကို အချိန်ယူ ဆောင်ရွက်နေတယ်လို့ ဆို

Image caption ရခိုင်ဒေသ အရေးနဲ့ ပတ်သက်လို့ မစ္စတာ ကိုဖီ အာနန်ရဲ့ အစီရင်ခံစာထဲမှာ အကြံပေးချက် ၈၈ ချက် ပါဝင်

ရခိုင်ဒေသ အရေးနဲ့ ပတ်သက်လို့ မစ္စတာ ကိုဖီ အာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်ထဲက ၈၁ ချက်ကို အကောင်အထည်ဖေါ် ပြီးသွားပြီလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ သြဂုတ်လ ၆ရက်နေ့က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ကျန်တဲ့ အချက်တွေထဲမှာ ပါတဲ့ နိုင်ငံသား ဖြစ်ရေး ကိစ္စကတော့ ရေရှည် ကိစ္စ ဖြစ်တဲ့ အတွက် အချိန်ယူ ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ရေး ဥပဒေကို ပြန်စဉ်းစားဖို့ ကိစ္စရပ်ဟာ နိုင်ငံရေး ဂယက် ရိုက်နိုင်စရာ ရှိပြီး ပြဿနာကို အမြဲ မီးထိုး ရှာနေသူတွေကလည်း ဒီအပေါ်မှာ နိုင်ငံရေး အမြတ်ထုတ် သွားဖွယ် ရှိတာကြောင့် ဒီကိစ္စကို အချိန်ယူ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေး တခုမှာလည်း မစ္စတာ ကိုဖီ အာနန်ကို မြန်မာ ဝန်ကြီးတွေက ပြောပြခဲ့တယ်လို့ မစ္စတာ ကိုဖီ အာနန်ရဲ့ အကြံပေး ကော်မရှင်မှာ ပါတဲ့ အဖွဲ့ဝင် ဦးအေးလွင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရက အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုတွေထဲမှာ လမ်းဖောက်တာမျိုးလို ရုပ်ပိုင်း ဆိုင်ရာ ကိစ္စရပ် အပြောင်းအလဲတွေက ထင်သာ မြင်သာ ဖြစ်ပေမယ့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်တွေမှာတော့ တိုးတက် ပြောင်းလဲမှု သိပ်မမြင်ရသေးဘူးလို့ သူက ပြောပါတယ်။

ဥပမာ ဒုက္ခသည်စခန်းတွေက ၁၀တန်း အောင်ချက် ကောင်းတဲ့ အစ္စလာမ် ဘာသာဝင် ကျောင်းသားတွေကို အဝေးသင် ပညာသင်ခွင့် ပေးခဲ့ပေမယ့် မြန်မာစာနဲ့ သမိုင်း ဘာသာရပ်ကိုပဲ သင်ကြားခွင့် ပေးတာမျိုး ရှိခဲ့ကြောင်း၊ အဲဒီကျောင်းသားတွေ နိုင်ငံသား လျှောက်ဖို့ လုပ်နေစဉ် ရခိုင်ပြည်နယ်က တက္ကသိုလ်တွေမှာ ပညာသင်ခွင့် မပေးရင်တောင် ရန်ကုန်၊ မန္တလေး၊ မကွေးတို့လို နေရာမျိုးတွေမှာ ပညာသင်ခွင့် ပြုမယ်ဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှုလည်း ရလာမှာ ဖြစ်သလို လူတွေကလည်း သူတို့အတွက် ရလဒ် တစုံတရာ ရလာမယ် ဆိုရင် ပါဝင် ပူးပေါင်းမှုတွေ ရှိလာနိုင်မှာ ဖြစ်ကြောင်း ဦးအေးလွင်က ပြောပါတယ်။

မစ္စတာ ကိုဖီ အာနန်ရဲ့ အစီရင်ခံစာထဲမှာ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့၊ တခါ ဒီအကောင်အထည် ဖေါ်ချက်တွေကို ဝန်ကြီးအဆင့်က ဦးဆောင်ပြီး အဖွဲ့တခုနဲ့ စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အကြံပြုခဲ့တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ