တနင်္သာရီမှာ တကျော့ပြန်ရေကြီး

ဓာတ်ပုံ မူပိုင် YE MYINT SWE
Image caption မြို့ရဲ့အနိမ့်ပိုင်းနဲ့ ကျေးရွာတွေမှာ ရေပြန် ဝင်နေ

တနင်္သာရီမြို့မှာ ဒီရက်ပိုင်း မိုးသည်းလို့ သြဂုတ်လ ၆ ရက် ညနေပိုင်းက စတင်ပြီး တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး အန္တရာယ်ရေမှတ်ကို ပြန်ရောက်ရှိလာပါတယ်။

အခုဆိုရင် မြို့ရဲ့အနိမ့်ပိုင်းနဲ့ ကျေးရွာတွေမှာ ရေတွေ ပြန် ဝင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သြဂုတ် ၇ ရက် နေလယ်ပိုင်းမှာ တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး အန္တရာယ်ရေမှတ် ၂၃ ပေ ၇ လက်မအထိ ရောက်လာတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က စတင်ပြီး တနင်္သာရီမြို့မှာ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးရှောင် စခန်းတွေမှာ သွားခိုလှုံခဲ့တဲ့ မြို့ခံတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကျသွားလို့ အိမ်ပြန်သွားခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရေဘေးကို ထိထိရောက် ကာကွယ် တုံ့ပြန်နိုင်ခဲ့သလား

တနင်္သာရီမြို့နယ်မှာ ရေကြီးလို့ ကျောင်းတွေအားလုံး ပိတ်ထား

ဒါပေမယ့် အခုတခါ ရေပြန်တက်လာလို့ ဆွေမျိုးအိမ်တွေမှာ သွားနေထိုင်နေတဲ့ ကြရသူတွေလည်း ရှိနေပါတယ်။

တနင်္သာရီမြို့ ဝင်္ကဘာတောင်ခြေ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်နှင်းနှင်းဝေက သူ့အိမ်မှာ ရေတက်နေတာကြောင့် ဘာတခုမှ လုပ်ကိုင်လို့ မရသလို ကလေးတွေကိုလည်း စိုးရိမ်လို့ ကျောင်းမလွှတ်ရဲဘူးလို့ ပြောပါတယ်။

လက်ရှိ တနင်္သာရီမြို့မှာ ရေဘေး ကယ်ဆယ်ရေး စခန်း ၇ ခုရှိပြီး ရေဘေးသင့်သူ ၆ထောင် ကျော် ရှိနေပါတယ်။ ပထမအကြိမ် ရေကြီးတုန်းက စခန်း ၁၃ ခုအထိ ဖွင့်ခဲ့ရပြီး တချို့က အိမ်ပြန် သွားကြလို့ စခန်းတချို့ကို ပိတ်ခဲ့လို့ စခန်း ၇ ခုပဲ ကျန်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YE MYINT SWE
Image caption အခုတခါ ရေပြန်တက်လာလို့ ဆွေမျိုးအိမ်တွေမှာ သွားနေထိုင်နေတဲ့ ကြရသူတွေလည်း ရှိနေ

အဲဒီစခန်းတွေက ရေဘေးသင့်သူတွေအတွက် စားနပ်ရိက္ခာတွေက သြဂုတ် ၉ ရက် အထိပဲ ပေးနိုင်တာကြောင့် ရေတကြော့ ပြန်တက်လို့ ရေဘေးသင့်သူတွေ ထပ်တိုးလာရင် စားဖို့ သောက်ဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

တနင်္သာရီမှာ ရက်ရှည်ရေကြီးနေတာကြောင့် အလှူရှင်တွေလည်း မလှူဒါန်းနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE MYINT SWE
Image caption ပြီးခဲ့တဲ့လက တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့အန္တရာယ်ရေအမှတ် ၂၇ ပေအထိ တက်ခဲ့

တနင်္သာရီမြို့မှာ ရေကြီးလေ့ရှိပေမယ့် အခုလိုမျိုး ရက်ရှည် ရေဘေးဒဏ်ခံရလို့ လူတွေ ပြောင်းရွှေ့ပြီး လူအများနဲ့ စုပေါင်း နေထိုင်ရတာ၊ လမ်းတွေမှာ ရေကြီးနေလို့ ကလေးတွေကို ကျောင်းကို စိတ်ချလက်ချ မလွှတ်ရဲတာတွေ၊ ကိုင်းတွေရေမြုပ် ကုန်လို့ ဝင်ငွေ အခက်အခဲတွေ ကြုံနေရတာတွေကြောင့် ဒေသခံတွေက ရေအမြန် ကျဖို့ ဆန္ဒရှိနေပါတယ်။

ပြီးခဲ့တဲ့လက တနင်္သာရီ မြစ်ရေဟာ မြို့ရဲ့အန္တရာယ်ရေအမှတ် ၂၇ ပေအထိ တက်ခဲ့လို့ ဒေသခံ ၂ သောင်း ကျော်ဟာ ရေဘေးဒဏ် ခံခဲ့ရပါတယ်။