ခန္တီးဆေးရုံပေါက်၀ သော့ပိတ်ထားလို့ အရေးပေါ် လူနာ အသက်ဆုံး

ဓာတ်ပုံ မူပိုင် Kham Tee Youth Facebook
Image caption မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတဲ့ အတွက် သက်ဆိုင်ရာကို တိုင်ကြားပြီ

စစ်ကိုင်းတိုင်း ခန္တီးမြို့က ပြည့်သူ့ ဆေးရုံမှာ အ၀င် တံခါးသော့ပိတ်ထားလို့ အချိန်မီ ဆေးကုသမှု မရလိုက်တဲ့အတွက် လူနာတယောက် သေဆုံးခဲ့ပါတယ်။

ခန္တီးမှာ နေထိုင်သူ ဦးကျော်ငွေဟာ သားဖြစ်သူ အသက်ရှူကျပ်နေတာကြောင့် အရေးအပေါ် အခြေအနေအဖြစ် ခန္တီး ဆေးရုံကြီးကို မနက်ငါးနာရီမှာ သွားရောက် ပို့ဆောင်ခဲ့ပါတယ်။

အဲဒီလိုပို့ဆောင်စဉ် ဆေးရုံ တံခါးမကြီးကို ပိတ်ထားတာကြောင့် အချိန်ကြန့်ကြာမှုဖြစ်ခဲ့တဲ့အပြင် ဆေးရုံက ဆရာဝန်တွေကလည်း အချိန်မှီမရောက်တဲ့အတွက် ဆေးကုသမှု မခံယူနိုင်ခဲ့ဘူးလို့ ဦးကျော်ငွေ က ဆိုပါတယ်။

သူတို့ဆေးရုံကို ရောက်လာတော့ တံခါးပိတ်ထားတဲ့ အတွက် ၀င်မရ ဖြစ်နေလို့ အပေါက်၀မှာ တနာရီလောက် ကြာအောင် စောင့်ခဲ့ရပြီး နောက်ဆုံးတော့ လူနာ ကလေးက အရမ်း အသက်ရှူ ကျပ်နေတဲ့ အတွက် သုံးဘီး သမားက ဆေးရုံနောက်ဖေးပေါက် ကနေ ၀င်ခေါ်မှ တံခါးဖွင့်ပေးတယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် ဆေးရုံ အထဲ ရောက်တော့ ကလေးကို အောက်စီဂျင် အသက်ရှူဘူး တွေ တပ်ပေး ၊ အားဆေး ပုလင်းကြီး ချိတ်ပေးတာတွေ လုပ်ခဲ့ပေမယ့် နောက် အတော်အကြာမှာ ကလေး အသက်ရှူ ကျပ်လာတဲ့ အတွက် ဆရာမတွေကို သွားပြောတော့ နှစ်ကြိမ်စလုံး တယောက်မှ လိုက်မလာဘဲ ထားခဲ့တဲ့ အတွက် မကြာခင်မှာဘဲ ကလေးဟာ မျက်ဖြူဆိုက်ပြီး ဆုံးပါးသွားခဲ့တယ်လို့ ဦးကျော်ငွေ က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Ag san Myint
Image caption ခန္တီး ဆေးရုံဟာ ပြည်သူ့ ဆေးရုံလည်းဖြစ် ၊ ခရိုင် အဆင့် ဆေးရုံလည်း ဖြစ်

ခဏနေတော့ ဆရာဝန်တွေရော ဆရာမတွေရော တခြား ၀န်ထမ်းတွေပါ ရောက်လာကြောင်း ၊ ဆေးတလုံးထိုးပေးပေမယ့် လူနာ အသက်ပြန်ရှင်လာမှာ မဟုတ်မှန်း သိကြောင်း ၊ အဲဒီနောက် တာ၀န်ကျ ကျန်းမာရေး ၀န်ထမ်းတွေကို နှစ်ကြိမ် လာခေါ်ပေမယ့် ဘာလို့ လိုက်မကြည့်ပေးတာလဲ ၊ ဆေးရုံတံခါးကိုလည်း ဘာကြောင့် ပိတ်ထားတာလဲ စသဖြင့် မေးရာမှာ တချို့ ဆရာမတွေက သူတို့ဖက်က အားနည်းချက်တွေ ရှင်းပြခဲ့ကြောင်း ဦးကျော်ငွေ က ပြောပါတယ်။

ဆေးရုံမှာရှိတဲ့ဆေးဝါးနဲ့ ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်တွေ ပျောက်တာကြောင့် အခုလို ဆေးရုံဝင်း ကို ပိတ်ထားရတာ ဖြစ်တယ်လို့ ဆေးရုံဘက်ကပြောကြောင်း ဦးကျော်ငွေက ဆိုပါတယ်။

နောက်ပိုင်း မှာလည်း အခုလိုဖြစ်ပွားခဲ့ ရတာနဲ့ ပတ်သက်လို့ ခန္တီး ဆေးရုံကြီးဘက်က အသက်ဆုံးပါး ခဲ့ရတဲ့ လူနာရှင်တွေဆီ တစုံတရာ လာရောက် ဆက်သွယ်တာ မရှိခဲ့ဘူးလို့ ဦးကျော်ငွေက ပြောပါတယ်။

ခန္တီး ဆေးရုံအုပ်ကြီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ လူကိုယ်တိုင် တွေ့ဆုံ မေးမြန်းမှသာ ဖြေကြားနိုင်မယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ခန္တီး ဆေးရုံဟာ ပြည်သူ့ ဆေးရုံလည်းဖြစ် ၊ ခရိုင် အဆင့် ဆေးရုံလည်း ဖြစ်တာကြောင့် ၂၄ နာရီ လုံခြုံရေး ရှိစေချင်တယ်လို့ ခန္တီး မြို့နယ် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်အမတ် ဦးမောင်တေး က ပြောပါတယ်။

ခု ဖြစ်သွားတဲ့ ကိစ္စမှာလည်း မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရကြောင်း ၊ လွန်ခဲ့တဲ့ နှစ်က ဒီဆေးရုံမှာ ပိုက်ဆံ သုံးသိန်း နဲ့ ဆေးရုံသုံး မက်သဒုန်း ဆေးဝါးတွေ ပျောက်ခဲ့ဖူးကြောင်း ၊ ဒါကြောင့် ဒီဆေးရုံမှာ ၂၄ နာရီ ပတ်လုံး လျှပ်စစ်မီး အဆက်မပြတ် ရသင့်သလို လုံခြုံရေး ကိုလည်း ၂၄ နာရီ ပေးထားသင့်ကြောင်း ဦးမောင်တေး က ရှင်းပြခဲ့ပါတယ်။

သေဆုံးသူရဲ့ဖခင် ဦးကျော်ငွေကတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဆေးရုံဆရာဝန်တွေရဲ့ ပျက်ကွက်မှုသာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြ တိုင်ကြား သွားမယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ