ဒုက္ခသည်တွေပြန်ခေါ်ရေးဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး မြန်မာနိုင်ငံ ရောက်

ဓာတ်ပုံ မူပိုင် UZ ZAMAN/AFP/Getty
Image caption အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ( ဝဲ )၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A H Mahmood Ali (ယာ)

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ကိစ္စအဓိကထား ဆွေးနွေးဖို့အတွက် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ဖိတ်ကြားချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Abul Hassan Mahmud Ali အဘူလ် ဟာဆန် မာမွတ် အလီ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ရခိုင်ပြည်နယ်ကို သွားဖို့ အစီအစဉ် ရှိပါတယ်။

ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ကိစ္စနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်မှာပါတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဘက်က အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ဘီဘီစီကို ပြောပါတယ်။

မြန်မာဘက်က စိစစ်ထားပြီးသားဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း အမှန်တကယ် နေထိုင်ခဲ့သူ လူ ၂၀၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက် ပေးပို့ ထားပြီးဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က တုံ့ပြန်မှု မရှိတဲ့ အတွက် အခုအချိန် အထိ ဒုက္ခသည် တစ်ယောက်မှ ပြန်မလာနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

အဲဒီ ကိစ္စ အတွက် နှစ်ဘက် ဆက်လက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးရဲ့ ၄ ရက်ကြာ ခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ခေါင်းဆောင်တဲ့အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့တော့ အစီအစဉ် မရှိဘူးလို့ ဦးစိုးဟန်ကပြောပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတနေရာ

စောစောပိုင်း ကတော့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လွတ်လွတ် လပ်လပ် သွားလာခွင့် ပြုထားပြီးဖြစ်တယ်လို့ မြန်မာ အစိုးရက တုံ့ပြန်ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်လက မြန်မာ အစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က သူတို့ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တောင်းဆို ခဲ့ပြီးနောက် မြန်မာဘက်က တုံ့ပြန်ချက် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရအကြား ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုး ခဲ့တဲ့ နားလည်မှု စာချွန်လွှာကို လက်တွေ့ အကောင်အထည် ဖေါ်ရေး ပထမအဆင့် အနေနဲ့ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်မှာ ရှိတဲ့ ကျေးရွာ ၂၃ ရွာကို ကွင်းဆင်း အကဲဖြတ်မှုတွေ လုပ်ဆောင်သွားဖို့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို အဲဒီနေရာ တွေကို သွားလာခွင့် ပြုထားကြောင်း သြဂုတ်လ ၇ရက်နေ့က အသိပေး ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထား ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် ပံ့ပိုးကူညီဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP တို့အကြား နားလည်မှု စာချွန် လွှာကို ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးထားခဲ့ ပါတယ်။