ရေဘေး ဒုက္ခသည် တသောင်းကျော် ရှိနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းနဲ့ ပဲခူး တိုင်း တို့ မှာ ရေကြီးမှု ဒဏ်ကို အများဆုံး ခံစား ခဲ့ရ

မြန်မာ နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်းမှာ ရေကြီး ရေလျှံမှုတွေ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ဖြစ်ပွား ခဲ့ပါတယ်။ ရေကြီးမှု နောက်ဆက် တွဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အစိုးရ ပိုင်း ကပံ့ပိုး ကူညီ ဖြေရှင်း ပေးနေရပါတယ်။

ပြည်နယ်နဲ့ တိုင်း ၈ ခု မှာ ရေကြီးတယ် ဆိုပေမယ့် အဲဒီ အထဲက ပြည်နယ် နဲ့ တိုင်း ၄ ခုမှာကတော့ သာမန်ရေကြီးမှုတွေပဲ ဖြစ်တယ်လို့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကို နိုင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းနဲ့ ပဲခူး တိုင်း တို့ မှာ ရေကြီးမှု ဒဏ်ကို အများဆုံး ခံစား ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီမှာ ကယ်ဆယ်ရေး စခန်း ပေါင်း (၃၄၁) ခု ဖွင့်လှစ်ခဲ့ရပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ကယ်ဆယ်ရေး စခန်း (၄၃) ခုပဲ ကျန်ရှိတော့ကြောင်း ဒေါက်တာ ကိုကိုနိုင် က ဆိုပါတယ်။ လူဦးရေ တစ်သိန်း ခွဲလောက် ဟာ ရေဘေးရှောင် စခန်းတွေ မှာ နေခဲ့ ရပေမယ့် လက်ရှိ အချိန်မှာတော့ လူ တစ်သောင်းခွဲပဲ ရှိတော့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ရေကြီး နစ်မြုပ်မှုတွေ ကြောင့် သေဆုံးသူ စုစုပေါင်း လူ ၂၀ ဦး ရှိခဲ့တယ်လို့ လည်း သူက ဆိုပါတယ်။

ရေကြီးမှုဒဏ် ကို အကြီးအကျယ် ခံခဲ့ရတဲ့ ပြည်နယ်တွေမှာ မိုးရွာသွန်းမှု များပြားတာ၊ မြစ်ရေ ကြီးမြင့် မှုတွေ ကြောင့် ရေဘေးဒဏ် ပိုမို ခံစား ခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အစိုးရ ပိုင်း ကပံ့ပိုး ကူညီ ဖြေရှင်း ပေးနေရ

အဲဒီ ဒေသ တွေဟာ အရင်တုန်း ကလည်း ရေကြီးမှု ဒဏ်ကို ခံစား ခဲ့ရတဲ့ ဒေသ တွေ ဖြစ်တယ်လို့ ဘေး အန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား သဘာဝ ဘေး ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ကို ဒုတိယ သမ္မတ က ဦးဆောင်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရချထားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး တို့ က ဒုတိယ ဥက္ကဋ္ဌ တွေ အဖြစ် ပါဝင်ပါတယ်။

အရေးပေါ် အခြေအနေ မှာ အဲဒီ ကော်မတီ အနေနဲ့ အစည်းအဝေး ထိုင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက် တယ်လို့ ပြောပါတယ်။ သဘာဝ ဘေးအန္တရာယ် ကြုံလာမယ် ဆိုရင် ပြည်သူတွေ အနေနဲ့ ၀၆၇ ၃၄၀၄ ၆၆၆ နဲ့ ၀၆၇ ၃၄၀၄၇၇၇ တို့ ကို အချိန်မရွေး ဆက်သွယ် နိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။