ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် ပြန်ပို့ရေး စခန်းတွေ ဆောက်ဖို့ကျန်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် ပြန်ပို့ရေး ကြားစခန်း ငါးခု တည်ဆောက်ဖို့ သဘောတူထားရာမှာ တခုသာ ပြီးစီးသေးလို့ဆို(ဓါတ်ပုံ - ဘင်္ဂလားဒေ့ရှ် ကုတုပလောင် ဒုက္ခသည်စခန်းက မြင်ကွင်းတခု)

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့တဲ့ လုပ်ငန်းစဉ်မှာ ပြန်ပို့မယ့်သူတွေအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကြားလက်ခံ စခန်း ၅ ခု ဆောက်ဖို့ ရှိပေမယ့် တခုပဲ ပြီးစီးသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။

ကျန်ရှိတဲ့ စခန်းလေးခုထဲမှာလည်း တခုပဲ စတင် ဆောက်လုပ်ရသေးတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန သြဂုတ်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် စိတ်ချလက်ချ ပြန်နိုင်ရေး အလျင်အမြန် လုပ်ဖို့အတွက် နှစ်ဖက် ဝန်ကြီးအဆင့် တိုက်ရိုက် ဖုန်းလိုင်း ထားရှိဖို့နဲ့ နယ်စပ် မှတ်တိုင် ဘီပီ ၃၄ နဲ့ ၃၅ နေရာတွေကို နှစ်ဖက် ပူးတွဲ စစ်ဆေးဖို့ အပါအဝင် အချက် ၈ ချက်ကို သြဂုတ်လ ၁၀ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူ ဟာဆန် မာမွတ် အလီနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ သဘောတူခဲ့တာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် The Mirror Daily Myanmar
Image caption ကုလသမဂ္ဂနဲ့ လတ်တလော နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားတဲ့အတိုင်း ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်မှုတွေကိုလည်း နေပြည်တော်မှာ ဆွေးနွေးခဲ့

အဲဒီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပြီး ဒုက္ခသည် နေရာချထားရေးနဲ့ ဒေသရေရှည် ဖွံ့ဖြိုးရေး အပါအဝင် ကုလသမဂ္ဂနဲ့ လတ်တလော နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားတဲ့အတိုင်း ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး မာမွတ် အလီဟာ ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိ ၂၁ ဦးနဲ့အတူ သြဂုတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

မစ္စတာ မာမွတ် အလီဟာ သြဂုတ်လ ၁၁ ရက်နေ့ မနက်မှာတော့ စစ်တွေမြို့ကို ရောက်ရှိလာပြီး မောင်တောဒေသအတွင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကလာမယ့် ဒုက္ခသည်တွေ လက်ခံရေး စခန်းတွေကို ရဟတ်ယာဉ်နဲ့ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

Image caption တောင်ပြိုလက်ဝဲ၊ ငါးခူရနဲ့ လှဖိုးခေါင် စခန်းတွေက ဒုက္ခသည် လက်ခံရေး ပြင်ဆင်မှုတွေကို မစ္စတာ မာမွတ် အလီ ကြည့်ရှုခဲ့

သူဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့နဲ့ အခုလို သွားရောက်ခဲ့တာ ဖြစ်ပြီး မသွားခင်မှာလည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တောင်ပြိုလက်ဝဲ၊ ငါးခူရနဲ့ လှဖိုးခေါင် စခန်းတွေက ဒုက္ခသည် လက်ခံရေး ပြင်ဆင်မှုတွေကို ကြည့်ရှုခဲ့တဲ့ အပြင် ပန်းတောပြင်နဲ့ ကိုင်းကြီးဒေသတွေနဲ့ အိန္ဒိယက နေအိမ်တွေ ကူညီ ဆောက်လုပ်ပေးနေတဲ့ ရွှေဇားဒေသကိုလည်း မစ္စတာ မာမွတ်အလီက သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီ မောင်တော ခရီးစဉ် အတွင်းမှာ ဒုက္ခသည် လက်ခံရေး စခန်းတွေကို လေ့လာတာပဲ လုပ်ခဲ့ပြီး ပြောဆို ဆွေးနွေးမှုတော့ မလုပ်ခဲ့ဘူးလို့ ဒီခရီးစဉ်မှာ ပါဝင်တဲ့ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။

မစ္စတာ မာမွတ်အလီဟာ သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ ရန်ကုန်ကို ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်မှု