လမ်းဘေးတောင်းရမ်းစားနေသူတွေရဲ့ နောက်ကွယ်က စေခိုင်းသူတွေကို ဖမ်းမိထား

ဓာတ်ပုံ မူပိုင် Ko Phoe Zaw
Image caption လှည်းတန်း ခုံးကျော်တံတားအောက်မှာ တောင်းရမ်းစားသောက် နေထိုင်သူတချို့

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ခုံးကျော်တံတားအောက်မှာ တောင်းရမ်းစားသောက် နေထိုင်သူတွေရဲ့ နောက်ကွယ်က စေခိုင်းတဲ့သူတွေကို ဖမ်းမိထားတယ်လို့ ကမာရွတ်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောပါတယ်။

အသက်ကြီးတဲ့သူတွေ သာမက ကလေးငယ်လေးတွေကိုလည်း ဆေးတိုက် ချအိပ်ခိုင်းပြီး တောင်းခိုင်းနေတာကိုတွေ့လို့ တိုင်ကြားကြတာတွေ များပြီ၊ အရင်က စည်ပင်ရဲတွေက သွားဖမ်းရင် ယူနီဖောင်းတွေ ကားတွေမြင်ရင်ပြေးရော၊ အခုက လူမှုရေးအဖွဲ့တွေပါ ပူးပေါင်းပြီး အရပ်ဝတ်နဲ့ ဖမ်းခဲ့တာ၊ ကလေးတွေ အပါအဝင် ၄၉ ဦး မိတယ်။ အဲဒီထဲမှာ နောက်ကနေခိုင်းနေတဲ့သူ ၇ ဦးလောက် စစ်ဆေးတွေ့ရတယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။

လှည်းတန်း ခုံးကျော်တံတားအောက်မှာ တောင်းရမ်းစားသောက် နေထိုင်သူတွေကို ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ လူမှုရေး အသင်းအဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ်လ ၁၁ ရက်က ဖမ်းဆီးခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Ko Phoe Zaw
Image caption လမ်းဘေးတောင်ရမ်းစားနေသူတွေရဲ့ နောက်ကွယ်က စေခိုင်းသူတွေကို ဖမ်းမိထား

အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသူတွေကို အခုလို အာဏာပိုင် အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင် ဖမ်းဆီးတာက ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဒီဖမ်းဆီးမှုမှာ ပါဝင်တဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကိုဖိုးဇော်က ပြောပါတယ်။

အခုလို အာဏာပိုင်တွေကပါ ပူးပေါင်းဖမ်းဆီးတာဟာ တောင်းရမ်းစားသောက် နေသူတွေထဲမှာ အထူးသဖြင့် ကလေးတွေကို ဆေးတိုက်ပြီး နောက်ကွယ်ကနေ စေခိုင်းနေတဲ့ အဖွဲ့တွေရှိနေလို့ ဖော်ထုတ်ဖမ်းဆီးနိုင်တာလို့ ကိုဖိုးဇော်က ပြောပါတယ်။

သြဂုတ်လ ၁၁ ရက် မနက်ပိုင်းကနေ ည ၁၀ နာရီခွဲအထိ လှည်းတန်း ခုံးတံတားအောက် ပတ်ဝန်းကျင်မှာ စောင့်ဖမ်းခဲ့ရာမှာ အသက် ၃၀ ကျော် အရွယ်ကနေ ၁၀ နှစ် ၅ နှစ်အောက် ကလေးတွေ အပါအဝင် ကျား၂၄ ဦး၊ မ ၂၅ ဦးကို ထိန်းသိမ်းရရှိ ခဲ့တယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ပါဝင်တဲ့ ကလေးတွေကို လိုအပ်တဲ့ စစ်ဆေး မေးမြန်းမှုတွေ လုပ်ပြီးရင် လူမှုဝန်ထမ်း ဦးစီးဌာနကို ဥပဒေနဲ့အညီ လွှဲပြောင်း ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ဦးတင်ဝင်းက ပြောပါတယ်။

အခုလို လှည်းတန်း ခုံးကျော်တံတားအောက် ဝန်းကျင်မှာ နေထိုင်ပြီး တောင်ရမ်းစားနေသူတွေကို ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့ အရပ်ဘက်အဖွဲ့တွေက တောင်ရမ်းစားသောက်နေသူတွေကို ဖမ်းဆီးရတာက နောက်ကွယ်က စေခိုင်းတဲ့သူတွေရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ ရထားလို့ ဖမ်းဆီးခဲ့ရတာလို့လည်း သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ