မောင်တောမှာ ညမထွက်ရအမိန့် သက်တမ်းတိုးပြီး လုံခြုံရေးမြှင့်

ဓာတ်ပုံ ရင်းမြစ်, NYUNT WIN
စစ်ဘက်နဲ့ရဲဘက်က ဒေသတွင်း လုံခြုံရေးကိုလည်း တိုးမြှင့်ထားပြီး နယ်စပ်တလျှောက် သတိပေးမှုတွေ လုပ်ထား
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ တရားဥပဒေ စိုးမိုးဖို့ ဆက်လက် လိုအပ်နေသေးတဲ့အတွက် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ၂ လ တိုးခဲ့တယ်လို့ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဘီဘီစီကို ပြောပါတယ်။
ပုဒ်မ ၁၄၄ အရ ဗလီ၊ ကျောင်း စတာတွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ငါးဦး ဒါမှမဟုတ် ငါးဦးထက်ပိုပြီး လူမစုဖို့နဲ့ ည ၁၀ နာရီကနေ မနက် ငါးနာရီအတွင်း ညမထွက်ရဆိုပြီး ကန့်သတ်ထားတာ ဖြစ်ပါတယ်။
မောင်တောဒေသမှာ ARSA လို့ခေါ်တဲ့ အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး စခန်းတွေကို တိုက်ခိုက်မှုဟာ လာမယ့် သြဂုတ်လ ၂၅ ရက်ဆိုရင် တနှစ်ပြည့်မှာ ဖြစ်ပါတယ်။
ဒီလို အချိန်ကာလမှာ သတိထားတဲ့အနေနဲ့ စစ်ဘက်နဲ့ရဲဘက်က ဒေသတွင်း လုံခြုံရေးကိုလည်း တိုးမြှင့်ထားပြီး နယ်စပ်တလျှောက် သတိပေးမှုတွေ လုပ်ထားတယ်လို့ ဦးမြင့်ခိုင်က ဆိုပါတယ်။
မောင်တောဒေသမှာ ARSA က ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး စခန်းတွေကို တိုက်ခိုက်မှု လာမယ့် သြဂုတ်လ ၂၅ ရက်ဆိုရင် တနှစ်ပြည့်
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပေမယ့် ဒါတွေဟာ ကောလဟာလတွေသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာတော့ ဘူးသီးတောင် ဒေသမှာ ARSA ဖောက်ခွဲရေးသမားတွေ ဝင်ရောက်တယ်ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ကောလဟာလတွေ ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမှန်တကယ်က ကျောင်းတောင် မွတ်ဆလင် ကျေးရွာက နွားပျောက်လို့ ရှာတဲ့ ရွာသား ၈ ဦးဟာ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို ချိုးဖောက်တာကို နယ်မြေ ရှင်းလင်းရေးလုပ်ရင်း တွေ့ရတဲ့အတွက် တရားစွဲဆို ဖမ်းဆီးထားတာလို့ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
လက်ရှိ အခြေအနေမှာ မောင်တောသာမက ဘူးသီးတောင်ဘက်မှာလည်း နယ်မြေ အခြေအနေ တည်ငြိမ်နေပေမယ့် ARSA တိုက်ခိုက်မှု နှစ်ပတ်လည် နီးလာပြီ ဖြစ်တဲ့အတွက် သတိထား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။