ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်မှုနဲ့ ပတ်သက်လို့ အထောက်အထားမဲ့ တရားစွဲခံနေရ

ကယန်းအမျိုးသားပါတီ

ဓာတ်ပုံ ရင်းမြစ်, PKPF facebook

ဓာတ်ပုံ ပုံစာ,

ဥပဒေမဲ့ ဖမ်းဆီး တရားစွဲမှုကို ရှုံချကြောင်း ထုတ်ပြန်ချက်

လွိုင်ကော်မြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်အရေး ကန့်ကွက်မှုကြောင့် တရားစွဲဆို ဖမ်းဆီးခံရသူ အရေအတွက် တိုးလာနေတဲ့အပြင် ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ မပါဝင်သူတွေလည်း ဖမ်းဆီး တရားစွဲဆိုခံရမှုတွေ ရှိနေတယ်လို့ ကယားပြည်နယ်အခြေစိုက် နိုင်ငံရေး ပါတီတခု ဖြစ်တဲ့ ကယန်း အမျိုးသား ပါတီက ကြေညာချက် ထုတ်ပြန်ပါတယ်။

သက်သေအထောက်အထားမဲ့စွာ ဖမ်းဆီးနေမှုတွေဟာ အခြေခံ ဥပဒေပါ နိုင်ငံသား အခွင့်အရေးပုဒ်မတွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း အဲဒီ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က လုပ်ခဲ့တဲ့ လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက် ဆန္ဒပြပွဲနောက်ပိုင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေနဲ့ ပါဝင်သူတွေကို အာဏာပိုင်တွေဘက်က တရားစွဲဆိုမှုတွေ ဆက်တိုက်ဆိုသလို လုပ်လာခဲ့ရာမှာ စုစုပေါင်း ၂၃ ဦး တရားစွဲဆို ခံရတာ ၊ တချို့က အာမခံ မရဘဲ ဖမ်းဆီးခံရတာတွေ ဖြစ်ခဲ့ပါတယ်။

အခုနောက်ဆုံးဖမ်းဆီးမှုအဖြစ် ကယန်းအမျိုးသားပါတီက ဗဟိုကော်မတီဝင် ခွန်းကောရီယိုကို သြဂုတ်လ ၁၀ ရက်နေ့က ဖားဆောင်းမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်သမိုင်းကြောင်း ဆိုင်ရာ စာရွက်တွေဖြန့်ဝေတယ်ဆိုပြီး ပုဒ်မ ၅၀ဝ ခ နဲ့ ဖားဆောင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားလို့ တရားရုံးက ဆင့်ခေါ်တုန်း လာရောက်စဉ် ဖားဆောင်းမြို့မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား တဦးဖြစ်ခဲ့တဲ့ ခွန်းကောရီယို ဟာ ဇူလိုင်လ ၃ ရက်နေ့ လွိုင်ကော် ဆန္ဒပြပွဲနဲ့ ပတ်သက်လို့လည်း ငြိမ်းစုစီပုဒ် ၁၉ နဲ့ တရားစွဲဆိုခံထားရသူဖြစ်ပြီး အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်ဆန္ဒပြခဲ့ခြင်းမရှိဘဲ ဓာတ်ပုံမှတ်တမ်းတင်မှုတွေသာ လုပ်ခဲ့သူဖြစ်တယ်လို့ ကယန်းပါတီက ပြောပါတယ်။

လွိုင်ကော်မှာ ထားရှိဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်အရေးနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲအပြင် ကရင်နီ သမိုင်းကြောင်းနဲ့ ကြေးရုပ်ကန့်ကွက်စာ ဖြန့်ဝေမှုဆိုတဲ့ လှုပ်ရှားမှုကို ကယားပြည်နယ် အတွင်းက အရပ်ဘက် အဖွဲ့အစည်းတွေက ဦးဆောင် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ငြိမ်းစုစီ ပုဒ်မအပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေမှု နဲ့ပါ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဘက်က တရားစွဲ အမှုဖွင့်ခဲ့တာ ဖြစ်ပြီး တရားစွဲခံရသူ ၂၃ ဦးအနက် ၇ ဦးလောက်ဟာ လှုပ်ရှားမှုတွေမှာ မပါဝင်တဲ့ လူတွေ ဖြစ်နေတယ်လို့ ခွန်းဘီထူးက ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံတွေ ဆန္ဒပြတာဟာ မချစ်လို့ မဟုတ်ဘဲ ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ စီစဉ်သူတွေ အနေနဲ့လည်း နေရာဒေသ ကွဲပြားမှု အခြေအနေအပေါ် နားလည်သင့်သလို ပြည်သူနဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်သင့် မဆောင်ရွက်သင့် ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီလို ပြဿနာတွေ ပေါ်လာမှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွိုင်ကော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူ က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတက်ပြီးနောက် တိုင်းရင်းသား ဒေသတွေမှာ ထားရှိဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ကြုံနေရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်

ဓာတ်ပုံ ရင်းမြစ်, KNIC

ဓာတ်ပုံ ပုံစာ,

ဗိုလ်ချုပ်ကြေးရုပ် ထားရှိဖို့ ကိစ္စကို ကယားမှာ ကန့်ကွက်

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း ကရင်နီလူငယ်တွေကလည်း ဗိုလ်ချုပ်ရုပ်ထုနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တာတွေ၊ ကရင်နီသမိုင်းမှန်ပါ စာဖြန့်ဝေတာတွေ ပြုလုပ်လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) ၊ ငြိမ်းစုစည် ဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့နဲ့ တရားစွဲဆိုခဲ့တာ လူငယ် ၂၀ နီးပါရှိပြီလို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

ခုလိုကန့်ကွက်တာဟာ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတီးလို့ မလေးစားလို့ ကန့်ကွက်နေတာ မဟုတ်ဘဲ ပြည်နယ်ရဲ့သမိုင်းမှန်တွေ မပျောက်စေဖို့နဲ့ ကရင်နီတိုင်းရင်းသားတွေရဲ့ အနာဂတ်ရှေ့ရေးအတွက် လုပ်ဆောင်တာဖြစ်လို့ အစိုးရအဖွဲ့ရဲ့ ကြေးရုပ်စိုက်ထူရေး ကိစ္စရပ်ကို ဆက်ကန့်ကွက်မယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။