ဆီးရီးယား လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် အရပ်သားတွေ သေဆုံး

ထိခိုက်ဒဏ်ရာ ရကြသူတွေထဲ ကလေးငယ်တွေပါဝင် ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ထိခိုက်ဒဏ်ရာ ရကြသူတွေထဲ ကလေးငယ်တွေပါဝင်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက သူပုန်တွေထိန်းချုပ်ရာ အစ်ဒလစ်ပြည်နယ် မှာရှိတဲ့ လက်နက်သိုလှောင်ရုံပေါက်ကွဲပြီး အဆောက်အဦးပြိုကျလို့ ကလေး ၁၂ ယောက် အပါအဝင် လူ ၃၉ ဦး သေဆုံးခဲ့ရပါတယ်။

ပေါက်ကွဲမှုကြောင့် အခုလို သေဆုံးမှုတွေအပြင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပြီး လူဒါဇင် နဲ့ ချီ ပျောက်ဆုံးနေပါတယ်။

ဆာမာဒါမြို့က ပေါက်ကွဲခဲ့တဲ့ ဒီသိုလှောင်ရုံမှာ စက်လက်နက်ပစ္စည်းတွေ ထားရှိထားတာဖြစ်ပြီး အဲ့ဒီ လက်နက် ခဲယမ်းမီးကျောက် တွေဟာ လက်နက်မှောင်ခိုသမားတယောက် သိုလှောင်ထားတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုပြီး ပြောဆိုမှုတွေရှိနေပါတယ်။

လောလောဆယ်မှာတော့ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Image caption ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အစ်ဒလစ်ပြည်နယ်

ဆီးရီးယား အရပ်သားကာကွယ်ရေးလူမှုအဖွဲ့အရာရှိ ဟတ်တမန်အာဘူးမာဝန် ကတော့ အဆောက်အဦးပျက်အောက်မှာ လူသေအလောင်းတွေ အများအပြား တွေ့ရတယ် လို့ ပြောပါတယ်။

တချို့သတင်းတွေမှာတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

အခုတော့ ပြိုကျခဲ့တဲ့ အဆောက်အဦးပျက်ကို ဘူဒိုဇာတွေနဲ့ ရှင်းနေပြီး အဆောက်အဦးအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်မှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

အစ်ဒလစ်ဘ်ပြည်နယ်ဟာ ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ထားတာ ဖြစ်ပြီး ဒါဟာ ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်တယ်ဆိုပြီးတော့လည်း မှန်းဆမှုတွေ ရှိနေပါတယ်။

ဆီးရီးယားအစိုးရဟာ ရုရှားနဲ့ အီရန် ကျောထောက်နောက်ခံပေးထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လတွေတုန်းကတော့ နိုင်ငံတဝန်းက သူပုန်တွေနဲ့ အစွန်းရောက် ဂျီဟတ် ဘာသာရေးအဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ