မန္တလေး ပစ်ခတ်မှု ရန်ငြိုးကြောင့်လို ရဲ တာဝန်ရှိသူပြော

ဓာတ်ပုံ မူပိုင် Shwe Mandalay Page
Image caption ရန်ငြိုးကြောင့် ပစ်ခတ်တာလို့ ရဲထံ ထွက်ဆို

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ထွန်တုံးရပ်ကွက်ထဲက ၅၅ လမ်းနားမှာ သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ဖြစ်ခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှုဟာ ရန်ငြိုးကြောင့်ဆိုပြီး ဖမ်းမိသူ တဦးက ထွက်ဆိုထားတယ်လို့ အောင်ပင်လယ် မြို့မရဲစခန်းက ပြောပါတယ်။

ထွန်တုံးရပ်ကွက် ၅၅ လမ်း အနီးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနဲ့ အမျိုးသားကို ဆိုက်ကာစီးလာတဲ့ အမျိုးသား နှစ်ယောက် ထဲက တယောက်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ် ပေါ်က အမျိုးသမီး သေဆုံးခဲ့ရပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ နောက်ထပ် အမျိုးသားကတော့ အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ ရဲ တာဝန် ရှိသူ တဉီး က ဘီဘီစီ ကိုပြောပါတယ်။

အခုလို ကျူးလွန်သူ ၂ ဦးကို ရပ်ကွက်လူထုက ဖမ်းဆီးရာမှာ ဖမ်းမိခဲ့တဲ့ တဦးက အခုလို ရန်ညှိုးကြောင့်လို့ဆိုပြီး ထွက်ဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ စစ်မေးလို့ မရသေးဘူးလို့ အောင်ပင်လယ် မြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

ကွယ်လွန်သူ အသက် ၄၅ နှစ် အရွယ် အမျိုးသမီးရဲ့ ခေါင်းကို သေနတ် မှန်ခဲ့တာ ဖြစ်ပြီး ဆေးရုံပို့စဉ် လမ်းမှာ ဆုံးပါး သွားတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်မှာ အကူအညီပေးခဲ့တဲ့ ချမ်းမြသီတာ လူမှုကူညီရေးအသင်းက ကိုချစ်ဦးအောင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Google
Image caption ထွန်တုံးရပ်ကွက် ၅၅ လမ်း အနီး ရွာလယ်လမ်းနဲ့နှင်းဆီလမ်းကြားမှာ သေနတ်နဲ့ ပစ်ခတ်

သေနတ်နဲ့ ပစ်ခတ်သူကို ဖမ်းဆီးရာမှာ ပြန်လည် ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျည်မထွက်တဲ့အတွက် ဝိုင်းဖမ်းသူတွေ ဘေးအန္တရာယ် မဖြစ်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

အခုလို သေနတ်နဲ့ ပစ်ခတ်သူရော အပစ်ခံရတဲ့ သူတွေပါ မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေဖြစ်ပြီး တောင်ကြီး မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့ အောင်ပင်လယ် မြို့မ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူ အသက် ၄၅ နှစ် အရွယ် အမျိုးသမီးရဲ့ အမည်က မဟော်လောက်ဖိန်း ဖြစ်ပြီး ဒဏ်ရာရတဲ့ အသက် ၄၂ နှစ် အရွယ် အမျိုးသားကတော့ လီရွှမ်ခွန်း (ခေါ်) ကိုဇော်လင်းဖြစ်တယ်လို့ အောင်ပင်လယ် မြို့မ ရဲစခန်းက ပြောပါတယ်။

ဖမ်းမိသူ ကိုခွန်ကောလားဟာ တောင်ကြီးဇာတိ ဖြစ်ပြီး မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ကိုခွန်ကောလားကို လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၅၈၀နဲ့ အပြင်းအထန်နာကျင်စေပြီး လူသတ်မှု ပုဒ်မ ၃၀၂/၃၆ နဲ့ အမှုဖွင့် စစ်ဆေးနေပြီး လွတ်သွားတဲ့သူကိုလည်း ဆက်လက် ရှာဖွေနေတယ်လို့ အောင်ပင်လယ် မြို့မ ရဲစခန်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ