အစိုးရက တောင်းခံထားတဲ့ ဘတ်ဂျက် ငွေပမာဏာဟာ ကျပ်ငွေ ဘီလီယံ ၂ သောင်း ၅ ထောင်ခန့် ရှိ

လွှတ်တော်မှာ၂၀၁၈-၁၉ ဘတ်ဂျတ် တင်ဖို့ပြင်နေပြီ ဓာတ်ပုံ မူပိုင် EPA
Image caption လွှတ်တော်မှာ၂၀၁၈-၁၉ ဘတ်ဂျတ် တင်နေပြီ

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် အစိုးရက တောင်းခံထားတဲ့ ဘတ်ဂျက် ငွေပမာဏာဟာ ကျပ်ငွေ ဘီလီယံ ၂ သောင်း ၅ ထောင်ခန့် ရှိပြီး လိုငွေဟာလည်း ကျပ်ငွေ ဘီလီယံ ၅ ထောင်ခန့်ရှိပါတယ်။

အသုံးစရိတ်တွေထဲမှာ စီမံကိန်းတွေမှာ သုံးဖို့တောင်းခံထားတဲ့ ငွေပမာဏ ဟာ သမိုင်းတလျှောက် အများဆုံးပမာဏဖြစ်ပြီး ဘတ်ဂျက် လိုငွေပြမှု ကလည်း အများဆုံးဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောပါတယ် ။

အစိုးရအဖွဲ့ က တောင်းခံထားတဲ့အသုံးစရိတ်တွေထဲမှာ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေထက် ဝန်ကြီးဌာနတွေရဲ့ ရုံးတွင်းအသုံးစရိတ်တွေက ပိုများနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက ပြောပါတယ်။

လမ်း၊ တံတား အခြေခံအဆောက်အဦးတွေမှာ သုံးစွဲတာနည်းပြီး ရုံးတွင်းအသုံးစရိတ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာ ပိုများနေတာ တွေ့ရတယ်လို့လည်း ဦးသန်းစိုး က ပြောပါတယ်။

ဒါ့အပြင် စီမံကိန်းတွေအတွက် အသုံးပြုတဲ့ ငွေလုံးငွေရင်း အသုံးစရိတ်မှာလည်း ဆောက်လုပ်ရေး၊ စက်ပစ္စည်း နဲ့ အခြားဆိုပြီး ခေါင်းစဉ် သုံးခု ရှိပြီး အဲဒီထဲမှာ စက်ပစ္စည်းဝယ်ယူတဲ့ ပမာဏက ပိုများနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး

ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း အဆောက်အဦး ဆောက်ရာမှာ တောင်းခံထားတဲ့ ဘတ်ဂျက် က များနေပြီး ဆရာ၊ ဆရာမ ခန့်အပ်တာတွေ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေး နဲ့ သုတေသနအတွက် သုံးစွဲမယ့် ဘတ်ဂျတ်ပမာဏကတော့ နည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့ က ပြောကြပါတယ်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာန အနေနနဲ့လည်း ဒီနှစ် တောင်းခံတဲ့အထဲမှာ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ဖို့က ပိုများနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။

အရင်နှစ်တွေက ဆောက်လုပ်ခဲ့တဲ့ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်း မရှိလို့ အဆောက်အဦးတွေ ပြီးပေမဲ့လည်း အခုချိန်ထိ မဖွင့်နိုင်သေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး လေ့လာသူတချို့ကတော့ အခုလိုဖြစ်နေတာတွေဟာ အစိုးရအဖွဲ့ အသုံးစရိတ် မူဝါဒနဲ့ သက်ဆိုင်တယ် လို့ ပြောပါတယ်။

အစိုးရအဖွဲ့အကြီးအကဲတွေ သက်ဆိုင်ရာဝန်ကြီးတွေက ဘယ်အပိုင်းမှာ ပိုသုံးမယ်လို့ ချမှတ်ထားနိုင်ရင်တော့ အခုလိုမျိုးဖြစ်မှာမဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။

အစိုးရအဖွဲ့ က နှစ်စဉ်တောင်းခံတဲ့ အသုံးစရိတ် တွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စက်ပစ္စည်းတွေ နဲ့ ပြည်ပက တင်သွင်းရတဲ့ ပစ္စည်းတွေများနေတဲ့အတွက် ဘတ်ဂျက်ရာသီစတိုင်း မြန်မာငွေတန်ဖိုး ကျဆင်းလေ့ ရှိပါတယ်။

ဒါကြောင့်လည်း ဒီနှစ် ဘတ်ဂျက် ရာသီ အစဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ လတွေ မှာ လည်း မြန်မာငွေတန်ဖိုး ဆက်လက် ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ