တိုက်ခိုက်မှု နှစ်ပတ်လည် ရခိုင်မှာ လုံခြုံရေးတိုး

Image caption ဩဂုတ် ၂၅ ရက် တိုက်ခိုက်မှု နှစ်ပတ်လည် အချိန်မှာ လုံခြုံရေး တိုးမြှင့်ပြီး

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်ကားတွေ၊ ရဲကားတွေ အစီး ၂ဝ ကျော် မြို့ကို ပတ်ပြီး ကင်းလှည့်နေကြတာကို ဩဂုတ်လ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့မြင် နေခဲ့ရပါတယ်။

လက်နက် အပြည့်အစုံတပ်ထားတဲ့ စစ်ကားကြီးတွေ မြို့ကိုပတ်တာမျိုး အရင်က မတွေ့မြင် ခဲ့ရဖူးဘူး ဆိုပြီး မြို့ခံတွေက ပြောပြီး လုံခြုံရေး အခြေအနေအပေါ် သို့လောသို့လောနဲ့ စိုးရိမ်မှုတွေ မြင့်တက် နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

စစ်တွေမှာ လုံခြုံရေး အတွက် ကင်းလှည့်ပြီ ဆိုရင် အရင်ကတော့ ရဲတပ်ဖွဲ့ဝင်တွေသာ ကားတွေနဲ့ ကင်းလှည့်တာမျိုး ရှိနေခဲ့တာကနေ ဗုဒ္ဓဟူး ညနေပိုင်းမှာတော့ ရဲတွေသာမက စစ်သားတွေပါလက်နက်တွေ အပြည့် ကိုင်ဆောင်ပြီး စစ်လော်ရီကားကြီး ၂ဝ ကျော်နဲ့ မြို့ကို ပတ်ပြီး လုံခြုံရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နယ်စပ်ရဲစခန်းပေါင်း ၃ဝ ကျော်တွေ ချိန်ကိုက် တိုက်ခိုက်ခံခဲ့ရတဲ့ ဩဂုတ်လ ၂၅ ရက် နှစ်ပတ်လည် အချိန်မှာ အခုလို လုံခြုံရေး တိုးမြှင့်ပြီး လှည့်ကင်းတွေ ပြုလုပ်ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။

ရဲမှူးကြီး အောင်မြတ်မိုးရဲ့ အဆိုအရ တစ်ဘက်နိုင်ငံထဲ အကြမ်းဖက် သင်တန်း ပေးတာမျိုးတွေ၊ နယ်စပ် စည်းရိုးနားထိ ကပ်လာတာမျိုးတွေ ရှိတယ် ဆိုတဲ့ သတင်းမျိုးတွေ ထွက်နေတယ်လို့ ဆိုပါတယ်။

Image caption စစ်နဲ့ရဲပူးပေါင်းအင်အား ၃ဝဝ ကျော် စစ်တွေမှာ ကင်းလှည့်

ဒါ့အပြင် မြန်မာနိုင်ငံထဲ ဝင်ပြီး ဖောက်ခွဲမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် စစ်တွေမြို့ပေါ်မှာပါ စစ်တပ်နဲ့ ပူးပေါင်းပြီး လုံခြုံရေး ကင်းလှည့် နေတာ ဖြစ်တယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

ဘူးသီးတောင် မောင်တော ဒေသမှာလည်း စစ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်း လုံခြုံရေး အင်အား တိုးမြှင့် ချထားနေပြီး အလားတူ ကင်းလှည့်တာမျိုးတွေလည်း ဆောင်ရွက်နေတယ်လို့ ရဲမှူးကြီး အောင်မြတ်မိုးက ဆိုပါတယ်။

စစ်တွေမှာ လှည့်ကင်း လုပ်ဆောင်နေတာ စစ်နဲ့ရဲ ပူးပေါင်း အင်အား ၃ဝဝ ကျော် ရှိပြီး နေ့ရော ညပါအခု ဩဂုတ်လ ကုန်တဲ့အထိ ပုံမှန် ပြုလုပ်သွားမယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ