ကာကွယ်ရေးဝန်ကြီးဟာ လူထုကိုယ်စားလှယ် ဖြစ်ရင် ပိုအဆင်ပြေမယ်

မကွေး

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar

ဓာတ်ပုံ ပုံစာ,

ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စီမံကိန်းက သိမ်းဆည်းခံမြေတွေ ပြန်ရရေး ဒေါက်တာ အောင်မိုးညို က ဖြေရှင်းပေးနေ

မကွေးမြို့မှာ ပညာရေးကောလိပ်ကသိမ်းထားတဲ့မြေတွေထဲက ဧက ၅၀ကျော်ကို အစိုးရက ပြန်ပေးနေသလို တင့်ကားတပ်နဲ့ ဆေးဆိုးပန်းရိုက်စက်ရုံက သိမ်းထားတဲ့မြေတွေလည်း ပြန်ပေးတော့မှာဖြစ်ပါတယ်။

အခုတော့ ပညာရေး ကောလိပ် အတွက် သိမ်းထားတဲ့ မြေဧက တရာ အနက် ကောလိပ် အဆောက်အအုံ ဆောက်လုပ်ရာမှာ ဧက ငါးဆယ်ဘဲ သုံးတဲ့ အတွက် မသုံးဘဲ ကျန်နေတဲ့ ဧက ငါးဆယ်ကို လက်ရှိ အန်အယ်ဒီ အစိုးရ လက်ထက် ရောက်လာတဲ့ အခါ လယ်သမားတွေက တောင်းဆိုလာတာ ဖြစ်ပါတယ်။

အဲဒီအတွက် ပညာရေး ဝန်ကြီး ဌာနကို တောင်းရာမှာ အခုတော့ ဒီမြေတွေ ပြန်ချပေးတဲ့ အတွက် မကွေးတိုင်း အစိုးရက လယ်သမားတွေကို ပုံစံ ၃ ထုတ်ပေးလိုက်ပြီလို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။

နောက်ပိုင်းမှာ လယ်သမားတွေ အနေနဲ့ ပုံစံ ၇ ဖြည့်ပြီး အခုလို ဒီမြေတွေရလို့ လယ်သမားတွေ ပြန်စိုက်နေပြီလို့ သူက ဆိုပါတယ်။

ဆေးဆိုးပန်းရိုက် စီမံကိန်း အတွက် ဆိုပြီး ၂၀၀၂ ခုနှစ်တုန်းက ခမရ ၃၁၇ က သိမ်းပြီးမှ ယက္ကန်းစင် ၂၀၀ စီမံကိန်း ဆေးဆိုးပန်းရိုက် လုပ်ငန်း မအောင်မြင်တဲ့ အတွက် မြေ ၁၅ ဧက ကို တလောတုန်းက ပြန်စွန့်လွှတ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Magwe Chief Minister's office

ဓာတ်ပုံ ပုံစာ,

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို

အခုတော့ ဒီ လယ်ယာမြေတွေကို သက်ဆိုင်ရာ လယ်သမားတွေဆီ ပြန်ပေးဖို့ လုပ်နေပြီလို့ သူက ပြောပါတယ်။

မကွေးတိုင်း အတွင်းမှာ တင့်ကား တပ်ရင်း ကလည်း ဧက ၅၀၀ လောက် စွန့်လွှတ်ဖို့ ရှိပြီး အဲဒါကိုလည်း လယ်သမားတွေဆီ ပြန်ပေးနိုင်ရေး အတွက် မကွေးတိုင်း အစိုးရက ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

မကွေးတိုင်း အတွင်းမှာ အရင် အစိုးရလက်ထက် အဆက်ဆက် သိမ်းထားတဲ့ မြေဧကပေါင်း လေးသိန်းလောက် ရှိပြီး အဲဒီ အထဲက ၅၀ % လောက်ကို ပြန်ပေးပြီးပြီလို့ သူထင်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

မြေယာ စီမံခန့်ခွဲရေး မှာ ပါတဲ့ ဒုသမ္မတ ဟန်နရီ ဗန်ထီးယူ အပြင် လက်ရှိ သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က သိမ်းဆည်းခံ လယ်ယာမြေတွေကို ၂၀၁၈ ဒီဇင်ဘာ လ မတိုင်ခင် ပြန်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သူက ဆိုပါတယ်။

မကွေးတိုင်း အတွင်းမှာ ကပစ ဆိုတဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံက သိမ်းထားတဲ့ လယ်ယာမြေ အမြောက်အမြား ရှိပြီး စီမံကိန်းမှာ မသုံးဘဲ ထားတဲ့ မြေတွေ ပြန်ပေးရေး ကိုလည်း ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

တကယ်လို့များ ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီး ဟာ လူထုက ရွေးကောက် တင်မြှောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲကသာ ဖြစ်မယ် ဆိုရင် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်တာကြောင့် လူထုနဲ့ ထိတွေ့မှု ရှိပြီး ရှင်းပြရတာ ပိုလွယ်မယ်လို့ ယူဆကြောင်း ၊ အခုတော့ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်တာ ဖြစ်တဲ့ အတွက် ဖြေရှင်းရတာ သိတ်မလွယ် သလို ဖြစ်နေကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။