မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရဲချုပ်ကို အမေရိကန် အရေးယူ

အမေရိကန် ပိတ်ဆို့ အရေးယူ
ဓာတ်ပုံ ပုံစာ,

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Red Tailorson မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်

မြန်မာ့တပ်မတော် က အရာရှိကြီးသုံးယောက်နဲ့ ထိပ်တန်း ရဲအရာရှိ တယောက် အပါအဝင် တပ်ရင်းနှစ်ခု တို့အပေါ် အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမှု ချမှတ်လိုက်ပါတယ်။

အထက်ပါ အရာရှိကြီးတွေဟာ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ၊ လူမျိုးတုံး ရှင်းလင်းမှုတွေ မှာ ပါဝင် ပတ်သက် ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲကာ အခုလို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း မြန်မာ့တပ်မတော်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု အပေါ် အမေရိကန် အစိုးရက အပြင်းထန်ဆုံး အရေးယူလိုက်တာဘဲလို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အဲဒီတုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ရက်စ် တေလာဆင် က ရခိုင်ပြည်နယ် ပြဿနာဟာ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဲဒီလို ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံက အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဖိအား ပိုကျရောက်စေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လကုန်ပိုင်း တုန်းက ၊ ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူထောင်ချီ သေဆုံးခဲ့သလို လူခုနှစ်သိန်းကျော်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ဆီ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မြန်မာအပေါ် အပြင်းထန်ဆုံး အရေးယူတာလို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြော

မြန်မာ နိုင်ငံမှာ အစိုးရ စစ်တပ် ဟာ အဓမ္မ ပြုကျင့် တာတွေ၊ လိင် ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုတွေ ကျူးလွန် နေတယ် ဆိုတဲ့ စွပ်စွဲ ချက် နဲ့ ကုလသမဂ္ဂ က အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ပြီးခဲ့တဲ့ ဧပြီလတုန်းက နာမည် ပျက် စာရင်း တင်သွင်း ခဲ့ပါသေးတယ်။

အရင် စစ် အစိုးရ လက်ထက်က စစ်တပ် ခေါင်းဆောင် ပိုင်း ကို ခရီးသွားလာ ခွင့်တွေ ပိတ်တာ၊ စီးပွားရေး အရ ပိတ်ဆို့ အရေးယူ မှုတွေ လုပ်တာ ရှိခဲ့ပေမယ့် ဒီလိုမျိုး နာမည်ပျက် စာရင်းသွင်းတာ မရှိခဲ့ဖူး ပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ မစ္စ အာဆူလာ မူလာ က သူ့ရဲ့ မြန်မာ ပြည် ခရီးစဉ် အပြီးမှာ ကုလသမဂ္ဂ မှာ အစီရင် ခံစာ တင်သွင်း ခဲ့ပြီးနောက် အတွင်းရေးမှူးချုပ် က အခုလို နာမည်ပျက် စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဂူတားရက်စ် တင်သွင်း တဲ့ အစီရင် ခံစာ ထဲမှာ မြန်မာ စစ်တပ် အနေနဲ့ ရခိုင် ပြည်နယ် မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန် လုပ်ဆောင် ခဲ့ပြီး အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ လုပ်ဆောင် ခဲ့ ကြောင်း ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ က နာမည်ပျက် စာရင်း သွင်းရုံ နဲ့ အရေးယူ ဆောင်ရွက် နိုင်တာ မျိုး မရှိပေမယ့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောထား မှတ်ချက် က အဓိက ကျ ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်မှာ တပ်မတော် က အားတက်သရော ပူးပေါင်း ပါဝင်မှု မရှိတဲ့ အခြေအနေ ကို သူတို့က သတိပေး လိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ် မှုတွေလည်း ရှိနေပါတယ်။