သြဂုတ်လ ၁၈ ရက်နေ့အတွက် ဖတ်စရာသတင်းများ

မဲပေးခွင့်ကို ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းသာ ရွေးချယ်တင်မြှောက်မဲပေးခွင့်ရှိ

ဓာတ်ပုံ ရင်းမြစ်, MM.PRESS COUNCIL

ဓာတ်ပုံ ပုံစာ,

မဲပေးခွင့်ကို ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းသာ ရွေးချယ်တင်မြှောက်မဲပေးခွင့်ရှိ

(၁) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာကောင်စီဝင်တွေကို ဒီကနေ့မှာ ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း အဖြစ် အဆိုတင်သွင်းသူ ငါးဆယ်ကျော်ရှိပြီးတော့ နိုင်ငံတော် သမ္မတဘက်က အဆိုပြုတဲ့ ကိုယ်စားလှယ် တဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဘက်က အဆိုပြုသူ တဦးနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌက အဆိုပြုသူ တဦး ပါဝင်ပါတယ်။ အဆိုပြုတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ သတင်းမီဒီယာ အဖွဲ့အစည်းတွေဖြစ်တဲ့ MJN (မြန်မာဂျာနယ်လစ်ကွန်ယက်)၊ MJA ( မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း) ၊ မြန်မာစာနယ်ဇင်းသမဂ္ဂ (MJU) နဲ့ BNI အစရှိတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလောင်းတွေပါဝင်ပါတယ်။ မဲပေးခွင့်ကိုတော့ အဲဒီဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းသာ ရွေးချယ်တင်မြှောက်မဲပေးခွင့်ရှိမှာဖြစ်ပါတယ်။

(၂) မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရဲချုပ်ကို အမေရိကန် အရေးယူ

မြန်မာ့တပ်မတော် က အရာရှိကြီး သုံးယောက်နဲ့ ထိပ်တန်း ရဲအရာရှိ တယောက် အပါအဝင် တပ်ရင်းနှစ်ခု တို့အပေါ် အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမှု ချမှတ်လိုက်ပါတယ်။ အထက်ပါ အရာရှိကြီးတွေဟာ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ၊ လူမျိုးတုံး ရှင်းလင်းမှုတွေ မှာ ပါဝင် ပတ်သက် ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲကာ အခုလို ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း မြန်မာ့တပ်မတော်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု အပေါ် အမေရိကန် အစိုးရက အပြင်းထန်ဆုံး အရေးယူလိုက်တာဘဲလို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ပြောပါတယ်။

(၃) တာချီလိတ်မှာ ပစ်ခတ်မှုဖြစ် အမျိုးသမီးတဦး ဒဏ်ရာရ

ဒီကနေ့ ( သြဂုတ် ၁၈ ရက်) မနက်ပိုင်းက ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က ဒိုင်းမွန်း ရွှေဆိုင်မှာ ရွှေလာဝယ်သူအမျိုးသမီးတစ်ဦးကို သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။ ဒီကနေ့မနက်ပိုင်း ၁၀ နာရီကျော်ကဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားကပစ်ခတ်ပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် ရဲတပ်ဖွဲ့ကရှာဖွေမှုများပြုလုပ်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အီမရန်ခန်းဟာ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ပြီးဆယ်စုနှစ် ၂ခုအကြာမှာ ဝန်ကြီးချုပ်နေရာကိုရခဲ့

(၄) ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် အီမရန်ခန်း ကျမ်းသစ္စာကျိန်ဆို

နာမည်ကျော် ခရစ်ကက် ကစာသမားဟောင်း အီမရန်ခန်းဟာ နိုင်ငံရေးနယ်ပယ်ကိုဝင်ရောက်ပြီး ဆယ်စုနှစ် ၂ခု အကြာမှာတော့ နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာကို ရရှိသွားခဲ့ပါပြီ။ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အီမရန်ခန်းရဲ့ PTI ပါတီက နေရာအများစုကိုအနိုင်ရပြီးတဲ့ နောက်မှာ မစ္စတာခန်းက မိတ်ဖက်ပါတီငယ်အချို့ရဲ့အကူအညီနဲ့ ဝန်ကြီးချုပ်ဖြစ်လာတာပါ။